ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်မြို့ရှိ ကြွပ်ကြွပ်အိတ် ထုတ်လုပ်သည့် စက်ရုံများ ယခုလကုန်တွင် ပိတ်သိမ်းရန် အမိန့် ထုတ်ပြန်ထားသော်လည်း လုပ်ငန်းရှင်များက ဆက်လက် လုပ်ကိုင်ခွင့်ပေးရန် ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွ့ံဖြိုးရေး ကောင်စီသို့ တင်ပြထားသည်။
ပြည်ပမှ ကော်စေ့ကုန်ကြမ်းများ ဝယ်ယူသိုလှောင်ထားသော လုပ်ငန်းရှင်များက အာဏာပိုင်များဘက်မှ ကြိုတင် အသိပေးချိန် နည်းလွန်းကြောင်းနှင့် ကုန်ကြမ်းကုန်သည်အထိ ဆက်လက်လည်ပတ်ခွင့်ပေးရန် တ.ယ.က သို့ စာတင်ထား၍ ညှိနှိုင်းမှုများ ပြုလုပ်နေသည်။
ရန်ကုန်မြို့စည်ပင်သာယာနယ်နမိတ်အတွင်း ၁၅၀ ခန်ရှိသော စက်ရုံုများမှ လုပ်ငန်းရှင်များကို နိုဝင်ဘာလ ၃၀ နောက်ဆုံးထားပိတ်သိမ်းရန် အောက်တိုဘာလ ၁၅ ရက်နေ့တွင် အသိပေးအကြောင်းကြားခဲ့သည်။ Recycle ပြုလုပ်နိုင်သော ပလတ်စတစ်အိတ်များကို ထုတ်လုပ်မည်ဆိုပါက စည်ပင်တွင် လိုင်စင်အသစ် လျှောက်လုပ်ကိုင်ရမှာ ဖြစ်သည်။
ယမန်နှစ်စာရင်းအရ လူဦးရေ ခြောက်သန်းကျော်ရှိသော မြို့တော်ဟောင်းတွင် နေ့စဉ် ပလပ်စတစ်စွန့်ပစ်မှု ပမာဏဟာ တနေ့လျှင် တန် ၂၀၀ နီးပါးရှိပြီး အခြားသတ္ထုနှင့် လျှပ်စစ်ပစ္စည်း စွန့်ပစ်မှုမှာ တန် ၁၅၀ နီးပါး ရှိသည်ဟု စည်ပင်ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
တားမြစ်ခြင်းကို ရှောင်ရှားရန် လုပ်ငန်းရှင်များက ကြိုးစားရာတွင် နည်းလမ်းတခုအဖြစ် ၂ နှစ်အတွင်း ဆွေးမြေ့နိုင်သော (Decomposition) နည်းပညာ အသုံးပြုထုတ်လုပ်သွားရန် ကြိုးစားမည်ဟု တိုင်းအာဏာပိုင်သို့ ပေးသော စာတွင် ပါရှိသည်။
ထိုနည်းပညာအတွက် လိုအပ်သော စက်ပစ္စည်းများနှင့် စွန့်ပစ် ကြွပ်ကြွပ်အိတ်များနှင့် သစ်မှုန့်တို့ရောပြီး သစ်အစားထိုး ဖိုက်ဘာပြားများ ထုတ်လုပ်နိုင်သည့် စက်များတင်သွင်းရန် သွင်းကုန်လိုင်စင် လျှောက်နေသည်ဟု ဆိုသည်။
တ.ယ.က က လုပ်ငန်းရှင် တဦးစီ သီးခြားခေါ်ယူတွေ့ဆုံပြီး ဆက်လက်လုပ်ကိုင်ခွင့်အတွက် ငွေတောင်းခံခဲ့သည်ဟု လုပ်ငန်းရှင်များက ပြောကြသည်။
ဆက်လက်လုပ်ကိုင်ရမည့် ကာလအပိုင်းအခြားပေါ်မူတည်ပြီး ကျပ်သိန်းငါးရာမှ ကျပ်သိန်းလေးထောင်အထိ တောင်းသည်ဟု လုပ်ငန်းရှင်များ အသိုင်းအဝိုင်းက ပြောသည်။ သို့သော် အသေးစိတ်ပြောရန်ကိုမူ သူတို့က ငြင်းဆန်ကြသည်။
နှစ်ပေါင်းများစွာ မြေသြဇာ မဖြစ်နိုင်သော ကြွပ်ကြွပ်အိတ်များကို သုံးစွဲမှုတားမြစ်ခြင်းကို နေပြည်တော်နှင့် မန္တလေးမြို့များတွင် ကျင့်သုံးလျက်ရှိသည်။