နာရေးကူညီမှုအသင်း အမှု ပြေလည်ပြီ

နာရေးကူညီမှုအသင်း အမှု ပြေလည်ပြီ
by -
ကျော်ခ
သရုပ်ဆောင် ဦးကျော်သူ ဦးစီးသော နာရေးကူညီမှု အသင်းအပေါ် ကျူးကျော်နေထိုင်မှုဖြင့် ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် စည်ပင်သာယာက စွဲဆိုထားသော အမှုသည် ယခုအခါ ပြေလည်သွားပြီ ...

ချင်းမိုင် (မဇ္စျိမ) ။      ။ သရုပ်ဆောင် ဦးကျော်သူ ဦးစီးသော နာရေးကူညီမှု အသင်းအပေါ် ကျူးကျော်နေထိုင်မှုဖြင့် ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် စည်ပင်သာယာက စွဲဆိုထားသော အမှုသည် ယခုအခါ ပြေလည်သွားပြီ ဖြစ်သည်။

ဒဏ်ကြေးငွေ ပေးဆောင်ပြီးနောက် နေထိုင်ခွင့်ပါမစ် ကျလာပြီဖြစ်သဖြင့် ပြီးခဲ့သည့်လကုန်မှစ၍ ပေါ်ပေါက်ခဲ့သော ပြဿနာသည် ပြီးဆုံးသွားသည်။

“ပြီးသွားပါပြီ။ ကျနော်တို့ကို နေထိုင်ခွင့် ချပေးလိုက်ပါပြီ။ မနေ့ကပဲ ချပေးလိုက်တဲ့စာ ရတယ်။ အဆောက်အဦး ဆောက်တဲ့ ပြတင်းပေါက်ပုံစံလေး နည်းနည်း လွဲနေတာလေးရှိတာကို ဒဏ်ကြေးဆောင်ရပါတယ်။ ပြီးတော့ နေထိုင်ခွင့် ချပေးလိုက်ပါတယ်” ဟု စစ်အစိုးရကို ဗြောင်ဝေဖန်ရဲ၍ ပြည်သူများအကြား ပိုမိုထင်ရှားစေခဲ့သော ဦးကျော်သူက မဇ္စျိမကို ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရုံးချုပ်က ထုတ်ပေးသော နေထိုင်ခွင့် ခွင့်ပြုချက်ကို ယမန်နေ့က ရရှိခဲ့သည်ဟု ဆိုသည်။

“ဒီလိုအမှန်အတိုင်း အစောကြီးကတည်းက ဖြစ်သင့်ပါတယ်။ ကျနော့်ရင်ထဲက အလုံးကြီးတလုံး ကျသွားတာပေါ့လေ။ နောက်ထပ် ဘယ်အလုံး ထပ်ပေါ်လာမလဲတော့ မသိဘူး။ အဲဒါနဲ့ပတ်သက်ပြီးတော့ တရားသေကြီးတော့ ကျနော်လည်း မပြောတတ်ဘူး။ နောက်ထပ် အဆောက်အဦး ဆောက်လုပ်ဖို့ ဆောက်လုပ်ခွင့် ဘာညာ လျှောက်ရဦးမယ်။ ဘယ်လိုလာမလဲတော့ မသိဘူး” ဟု သူက ပြောသည်။

ပြီးခဲ့သည့်လ ၂၉ ရက်နေ့တွင် မြောက်ဒဂုံစည်ပင်က နာရေးကူညီမှုအသင်းကို ခြံဝင်းရှေ့တွင် အကျယ် ၅ ပေ၊  အနက် ၅ ပေရှိ အနက် ရေမြောင်းမတူးသဖြင့် ခွင့်ပြုချက်မရဘဲ အဆောက်အဦးကို အသုံးပြုခဲ့သည်ဟုဆိုကာ တရားစွဲဆိုရန် မြောက်ဒဂုံ စည်ပင်က မြို့နယ်တရားရုံးသို့ တိုင်ကြားခဲ့သည်။

ဦးကျော်သူသည် အခမဲ့ ဆေးပေးခန်းတခုကိုလည်း ဦးဆောင်လည်ပတ်နေသည်။ တရက်လျှင် ရုပ်အလောင်း ၅၀ ခန့် မြေကျအောင် အခမဲ့ ကူညီပေးနေသည့် နာရေးကူညီမှု အသင်းနှင့် လူ ၂၀၀ ခန့် ဆေးကုသပေးနေသည့် မြောက်ဒဂုံတွင်ပင်ရှိသော သုခဆေးခန်းအနေဖြင့် ရေ၊ မီး ရရှိရေး ပြဿနာမှာ ရှိနေသေးသည်။

“အခက်အခဲက အခုလောလောဆယ်ကတော့ ရေနဲ့ မီးပါပဲ။ ကျနော်တို့ဘေးက ဘုန်းကြီးကျောင်းတွေတော့ ရသွားတယ်။ ရေပြဿနာကတော့ အရေးကြီးတယ်။ ကျနော်တို့အလုပ်က ရေရှိမှလည်း အဆင်ပြေမှာကိုး။ ဒီကားသန့်ရှင်းရေးတွေရယ်၊ ဆေးခန်းအတွက်ကလည်း လိုတယ်။ မီးကတော့ မမှန်တာကတော့ တရပ်ကွက်လုံးပါပဲ” ဟု သူက ဆက်ပြောသည်။

မြန်မာနို်င်ငံ၏ လျှပ်စစ်မီး ဗို့အားသည် ၂၂၀ ဖြစ်ရာ မီးလာလျှင်လည်း အားနည်းပြီး ထက်ဝက်ပင် မပြည့်ဟု ဆိုသည်။

နာရေးကူညီမှု အသင်းကို ၂၀၀၁ ခုနှစ် ဇန်နဝါရီလအတွင်း တည်ထောင်ခဲ့ကြပြီး  လူမျိုးဘာသာမရွေး အခမဲ့ ပို့ဆောင်သဂြုႋဟ်ပေးခဲ့ရာမှ နောက်ပိုင်းတွင် သုခကုသိုလ်ဖြစ် ဆေးခန်းကိုပါ တိုးချဲ့ဖွင့်လှစ်ခဲ့သည်။

ယခင်က သင်္ဃန်းကျွန်းမြို့နယ် ဗြဟ္မာ့ဝိဟာရ ဘုန်းကြီးကျောင်းဝင်းအတွင်း ရုံးခန်းဖွင့်လှစ်ခဲ့ရာမှ ယခုနှစ် ဇူလိုင်လ ၁၉ ရက် (အာဇာနည်နေ့) တွင် မြောက်ဒဂုံသို့ ပြောင်းရွှေ့ခဲ့ရသည်။

၂၀၀၇ ခု စက်တင်ဘာလတွင် မေတ္တာသုတ်ရွတ် ဆန္ဒဖော်ထုတ်သည့် သံဃာတော်များကို ဟာသ သရုပ်ဆောင် ကိုဇာဂနာနှင့်အတူ ဆွမ်းကပ်လှူဒါန်းခဲ့ပြီး နောက်ပိုင်း သရုပ်ဆောင်မှု အပါအဝင် ဦးကျော်သူနှင့် ဆက်စပ်သော အနုပညာ လုပ်ငန်းများကို စစ်အစိုးရက ပိတ်ပင်ခဲ့သည်။