မဇ္ဈိမ (ချင်းမိုင်)။ ။ ကချင်ပြည်နယ် မြောက်ပိုင်း၌ စပါးဖျက်ပိုးနှင့် ကြွက်များ ကိုက်ဖြတ်မှု မရှိတော့ကြောင်း အဆိုပါ ဒေသအတွင်းသို့ သွားရောက်လေ့လာခဲ့သည့် ကချင်လွတ်မြောက်ရေးအဖွဲ့ - KIO မှ ဒေသဖွ့ံဖြိုးရေးဌာန တာဝန်ခံ အပြောအရ သိရသည်။
ကချင်ပြည်နယ် မြောက်ပိုင်း ပူတာအိုခရိုင် မချမ်းဘောမြို့နယ် အနောက်ဘက် “မလိခရန်ဝလောင်” နှင့် “လော့ကောင်” ဒေသများရှိ ကျေးရွာပေါင်း ၆၀ ကျော်မှ တောင်ယာစပါးများကို ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းမှစ၍ စပါးဖျက်ပိုးနှင့် ကြွက်များ ကိုက်ဖြတ်နေခဲ့ရာမှ ယခုအခါ မရှိတော့ကြောင်း သိရခြင်း ဖြစ်သည်။
“အခုအချိန်တော့ ပိုးတွေ မကိုက်တော့ဘူး။ ကြွက်လည်း မဖျက်တော့ဘူး။ သူက မိုးရာသီမှာ ဖျက်တာ များတယ်။ ရာသီချိန်မှ ထွက်တာ။ အခု ရှာလို့တောင် မတွေ့တော့ဘူး။ ကြွက်တွေက မြေကြီးမှာ အောင်းနေတာလား။ ပိုးတွေကတော့ မြေမှာပဲ ၅၊ ၆ ကောင်လောက်ဘဲ ရှာတွေ့တယ်” ဟု KIO ဒေသဖွ့ံဖြိုးရေးဌာန တာဝန်ခံ ဦးဆင်ဝါးက မဇ္ဈိမကို ပြောသည်။
စပါးဖျက်ပိုးနှင့် ကြွက်များ ကိုက်ဖြတ်ဖျက်ဆီးမှုကြောင့် ဒေသခံ ၄ ထောင်ခန့် ရိက္ခာလိုအပ်မှု ဖြစ်နေသည်ဟု သိရသည်။
လုံးပတ် ၂ စင်တီမီတာ (၀.၇၅ လက်မကျော်)၊ အရှည် တလက်မခန့်ရှိ အဖြူရောင် စပါးဖျက်ပိုးကို ကချင်ဘာသာဖြင့် “နွန်” ဟု ခေါ်ပြီး မြန်မာလို “ဖိုးလမင်းကျိုင်း” ဟု ခေါ်ဆိုကြောင်း သိရသည်။
ကြွက်နှင့် စပါးဖျက်ပိုးများကြောင့် ပြီးခဲ့သည့် ဧပြီ-မေလအတွင်း၌ စိုက်ပျိုးပြီး စက်တင်ဘာအတွင်း ရိတ်သိမ်းသည့် ကောက်စော စပါးခင်းများ လုံးဝ ပျက်စီးခဲ့သည်။ ဇူူလိုင်လအတွင်း စိုက်ပျိုးထားသည့် ကောက်လတ်၊ ကောက်နှောင်း စပါးများမှာမူ အကိုက်ခံရသော်လည်း မပျက်စီးခဲ့ပေ။
စပါးပျက်စီးသွားသော ကချင်တောင်သူများကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ လှူဒါန်းသည့် ဆန်အိတ် ၈၀၀ ကို KIO တပ်ရင်း ရ မှတဆင့် လာမည့်လအတွင်း စတင် ခွဲဝေပေးသွားမည် ဖြစ်သည်။ သို့သော် လာမည့်နှစ် ဧပြီလမှစ၍ ရိက္ခာအခက်အခဲ ဖြစ်လာနိုင်ကြောင်း ဦးဆင်ဝါးက သုံးသပ်သည်။
စပါးဖျက်ပိုးနှင့် ကြွက်များ သောင်းကျန်းနေသော ကချင်ပြည်နယ် မချမ်းဘောမြို့နယ်ရှိ ဒေသများသို့ အရေးပေါ် အကူအညီပေးရန် KIO ခေါင်းဆောင်များနှင့် စစ်အစိုးရ အရာရှိများသည် ယခုလ ၁၄ ရက်နေ့မှ စတင်၍ သွားရောက် ကြည့်ရှုခဲ့ပြီး ၂၂ ရက်နေ့တွင် ပြန်ရောက်ခဲ့ကြသည်။
မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း အပါအဝင် ဌာနဆိုင်ရာ တာဝန်ခံများနှင့် KIO ဌာနဆိုင်ရာ တာဝန်ခံများ အကြား စပါးပျက်စီးမှှုနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီးနောက် အကူအညီပေးရေး အစီအစဉ် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
လတ်တလောတွင် ကာကွယ်ရေးလုပ်ငန်းများ မလုပ်သေးသော်လည်း လာမည့်နှစ် စပါးစိုက်ပျိုးချိန်တွင် စစ်အစိုုးရနှင့် KIO က ပူးပေါင်း၍ ပိုးသတ်ဆေးများ ပက်ဖြန်းရန် စီစဉ်မည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ကြွက်ကြောင့် မည်သည့် ကူးစက်ရောဂါမျှ မတွေ့ရှိရကြောင်း အဆိုပါ ဒေသသို့ လိုက်ပါသွားသူ KIO မှ ဆရာဝန်တဦးက မဇ္စျိမကို ပြောသည်။