ရိက္ခာရှားပါး ချင်းပြည်သူများအတွက် ရန်ပုံငွေရှာ ဂီတပွဲ ကျင်းပမည်

ရိက္ခာရှားပါး ချင်းပြည်သူများအတွက် ရန်ပုံငွေရှာ ဂီတပွဲ ကျင်းပမည်
by -
နန်းဒေဝီ
မြန်မာနိုင်ငံ ချင်းပြည်နယ်အတွင်း စားနပ်ရိက္ခာ ရှားပါးနေသည့် ချင်းပြည်သူများအတွက် ရန်ပုံငွေ ရှာဖွေမည့် Food Aid Concert ဂီတဖျော်ဖြေပွဲကို အမေရိကန်နိုင်ငံ တက္ကဆပ်ပြည်နယ် ...

နယူးဒေလီ (မဇ္စျိမ)။      ။ မြန်မာနိုင်ငံ ချင်းပြည်နယ်အတွင်း စားနပ်ရိက္ခာ ရှားပါးနေသည့် ချင်းပြည်သူများအတွက် ရန်ပုံငွေ ရှာဖွေမည့် Food Aid Concert ဂီတဖျော်ဖြေပွဲကို အမေရိကန်နိုင်ငံ တက္ကဆပ်ပြည်နယ် ဒါးလပ်စ်မြို့၌ မနက်ဖြန် ကျင်းပမည် ဖြစ်သည်။

၂၀၀၆ ခုနှစ်မှစ၍ ချင်းပြည်နယ် ဒေသအချို့၌ ဝါးပင်များ အသီးသီး သဖြင့် ကြွက်များပေါများလာကာ စိုက်ပျိုးထားသည့် ကောက်ပဲသီးနှံများကို စားသောက် ဖျက်ဆီးခဲ့ရာ အစာရှားပါးမှု ကြံုတွေ့လာရသည့် ဒေသခံများအတွက် ဂီတဖျော်ဖြေပွဲ ပြုလုပ်၍ ရန်ပုံငွေ ရှာဖွေကြခြင်း ဖြစ်သည်။

“ကျနော်တို့ တတ်အားသလောက် ကူညီဖို့ အခုလို နိုင်ငံတကာ ရန်ပုံငွေ ဖျော်ဖြေပွဲတွေ လိုက်လုပ်နေတာပါ။ ရရှိတဲ့ ရန်ပုံငွေကို နယ်စပ်ကနေတဆင့် အစားအသောက် ခက်ခဲတဲ့ ကျနော်တို့ ချင်းတိုင်းရင်းသားတွေဆီ အရောက် ပို့ပေးနေတာပါ” ဟု ပွဲဖြစ်မြောက်ရေး စီစဉ်သူတဦးဖြစ်သည့် ဆလိုင်း အီလိုင်းဆ ဗန်နီး (Salai Elaisa Vahnie) က မဇ္စျိမကို ပြောသည်။

ပြီးခဲ့သည့်နှစ်တွင်လည်း ချင်းပြည်နယ် ပလက်ဝနှင့် မတူပီမြို့နယ်ရှိ ကျေးရွာ ၂၀၀ ခန့်၌ စိုက်ခင်းများကို ကြွက်များ ဖျက်ဆီးသဖြင့် ဒေသခံဦးရေ ၁ သိန်းခန့် အစားအစာ ပြတ်လပ်မှုနှင့် ဆက်လက်ကြံုတွေ့ နေရကြောင်း ကနေဒါ အခြေစိုက် ချင်း လူ့အခွင့်အရေးအဖွဲ့က ပြောဆိုခဲ့သည်။

၂၀၀၇ ခုနှစ်မှစတင်၍ အာရှ၊ ဥရောပနှင့် အမေရိကန်၌ ဂီတဖျော်ဖြေပွဲများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး၊ ယခုအခါ အမေရိကန် တက္ကဆပ်၌ မြန်မာနို်င်ငံမှ နာမည်ကျော်အဆိုတော် ချင်းတိုင်းရင်းသူ ဆုံသင်းပါရ် (Sung Tin Par) အပါအဝင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ အဆိုတော် မီးမီး လန်းဇမ်လျံနီ (Mimi Lalzamliani) တို့ အပါအဝင်ဖြင့် ဖျော်ဖြေ တင်ဆက်သွားမည်။

“အဆိုတော်တွေက အခမဲ့ သီဆိုပေးကြတာပါ။ ရောက်တဲ့ဒေသတွေက တီးဝိုင်းတွေနဲ့ ဆိုကြတာပါ။ ၂ နှစ်တိတိ သူတို့ ဆိုသွားကြမယ်။ အဲဒီအတွက် အဆိုတော်တွေကို ကျေးဇူးတင်ပါတယ်” ဟု ဆလိုင်း အီလိုင်းဆ ဗန်နီးက ပြောသည်။

လက်မှတ်တစောင် တန်ဖိုးကို နေရာဒေသအလိုက် ခွဲခြားသတ်မှတ်ရာ တစောင်လျှင် အမေရိကန် ဒေါ်လာ ၅၀၊ ၄၀၊ ၃၀ ဖြင့် ရောင်းချနေသည်။ မနက်ဖြန် ကျင်းပမည့် ဂီတဖျာ်ဖြေပွဲအတွက် လက်မှတ် ၁၀၀၀ မှ ၂၀၀၀ အကြား ရိုက်နှိပ်ခဲ့သည်ဟု သိရသော်လည်း ရောင်းချပြီး စောင်ရေကိုမူ အတိအကျ မသိရသေးပါ။

“တော်တော် အားပေးကြတယ်။ ဒါပေမဲ့ စောင်ရေ ဘယ်လောက် ရောင်းချတယ်ဆိုတာ မသိရသေးဘူး။ အခုထိ စာရင်းတွေ မပိတ်သေးတော့ ဥရောပ ခရီးစဉ်ကရတဲ့ ပိုက်ဆံတွေက ပြန်ပြီး အသုံးစရိတ်တွေမှာ သုံးတာတွေ ရှိတယ်။ ဒါကြောင့် ဒီအမေရိကန် ခရီးစဉ်အပြီးမှာ ကျနော်တို့ စာရင်းချုပ်နိုင်မယ်” ဟု ဗန်နီးက ပြောသည်။

ယခုနှစ် နွေရာသီတလျှောက်တွင် ဒိန်းမတ်၊ ဂျာမဏီနှင့် နော်ဝေး၌ လှည့်လည် ဖျော်ဖြေခဲ့ကြပြီး၊ ယခုအခါ အမေရိကန်ရှိ တက္ကဆပ်ပြည်နယ်အပြင် ဆန်ဖရန်စစ္စကို၊ လော့စ်အိန်ဂျလိ၊ ကယ်လီဖိုးနီးယား၊ ဝါရှင်တန်ဒီစီ စသည့် နေရာများ၌လည်း အားလပ်ရက်နှင့် ရုံးပိတ်ရက်များကို ချိန်ဆကာ ကျင်းပသွားဦးမည် ဖြစ်သည်။