ခတ္တမန်ဒူး (မဇ္ဈိမ)။ ။ မြန်မာနှင့် တရုတ်နိုင်ငံရှိ မသမာသူ စီးပွားရေးလုပ်ငန်းရှင်များအဖို့ ကာလကြာရှည်စွာ ငွေတွင်းကြီး ဖြစ်နေခဲ့သော တရားမဝင် သစ်ခုတ်လှဲရောင်းဝယ်မှု လုပ်ငန်းမှာ ယခုအခါ သိသာစွာ ကျဆင်းသွားသည်ဟု နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့ Global Witness ၏ အစီရင်ခံစာက ဆိုသည်။
မြန်မာနိုင်ငံ မြောက်ပိုင်းနယ်စပ် အထူးသဖြင့် ကချင်ပြည်နယ်ကိုဖြတ်၍ တရားမဝင် တင်ပို့ရောင်းချခဲ့သော သစ်ပမာဏမှာ ၂၀၀၅ ခုနှစ် ကတည်းကစ၍ ရ၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည် ဟု Global Witness ၏ လေ့လာချက်စာတမ်းဖြစ်သော `အဆင်မပြေသော ကုန်သွယ်ရေး´ 'A Harmonious Trade'အမည်ရှိ အစီရင်ခံစာတွင် ရေးသားဖော်ပြထားခြင်း ဖြစ်သည်။
သို့သော် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မြို့တော် ကူမင်းမြို့သို့ တင်သွင်းလာခဲ့သော သစ် ၉၀ ရာခိုင်နှုန်းခန့်၊ သစ်လုံး ကုဗမီတာ ၂၇၀၀၀၀ မှာ တရားမဝင် သစ်များဖြစ်နေဆဲဟု အစီရင်ခံစာက ဆက်လက် ထောက်ပြ ဝေဖန်ထားသည်။
လွန်ခဲ့သော ၅ နှစ်ခန့်ကအထိ အချိန် ရ မိနစ်တိုင်းတွင် တရားမဝင် သစ် ၁၅ တန်သည် နယ်စပ်ဖြတ်ကျော်၍ ထွက်ကြောင်းနှင့် ယခုအခါတွင်မူ အစဉ်အလာအရ အများစု ကျွန်းသစ်များဖြစ်သော ထိုမှောင်ခို သစ်ပမာဏမှာ သိသာစွာ ကျဆင်းသွားခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။
''တရုတ်နှင့် မြန်မာနိုင်ငံ အာဏာပိုင်များက ကချင်ပြည်နယ်အတွင်းရှိ တရားမဝင် သစ်ခုတ်လှဲမှုများကို အရေးယူ ဆောင်ရွက်ခဲ့ခြင်းကြောင့်သာ ဤသို့ အပြုသဘောဆောင်သည့် ရလဒ် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် မြန်မာနို်င်ငံမှ တရားမဝင် သစ်များအပေါ် မှီခိုအားထားနေရ သည့် ကျန်ရှိနေသေးသော သစ်လုပ်ငန်းများကို ဆက်လက် ပိတ်ပင်ပစ်ရန် လိုအပ်နေသေးသည်'' ဟု Global Witness ၏ သစ်တောမူဝါဒရေးရာ ဌာနမှူး Jon Bukrell က သတိပေး ပြောကြားသည်။
ယခုအခါ နှစ်နိုင်ငံ အစိုးရများက တရားမဝင် သစ်ခုတ်လှဲ ရောင်းဝယ်မှု၏ စီးပွားရေးအရ ချိနဲ့သွားစေမှုကို နှစ်အနည်းငယ် အကြာကပင် အသိအမှတ်ပြုခဲ့ကြပြီး ထိုအရောင်းအဝယ်များကို တုံ့ပြန်အရေးယူရန် တိုးမြှင့် ဆောင်ရွက်လာခဲ့ကြသည်။
''ဤတရားမဝင် သစ်ရောင်းဝယ်မှုသည် မြန်မာ့စီးပွားရေးအတွက်ရော၊ တရားမဝင် သစ် တင်ပို့ရောင်းချနေသည့် လုပ်ငန်းရှင်များကိုပါ ကြီးလေး သော ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်စေခဲ့သည်။ တရားဝင် သစ်တင်ပို့သူများအနေနှင့် နိုင်ငံတကာ စျေးကွက်တွင် မှောင်ခိုသစ်များကို မယှဉ်နိုင် ဖြစ်ခဲ့ရသည်။ ထို့ကြောင့် စျေးနှုန်းများ ကျဆင်းလာပြီး သစ်အခြေခံ စက်မှုလုပ်ငန်း၏ ထုတ်လုပ်မှုကိုလည်း ကျဆင်းစေခဲ့သည်'' ဟု ၂၀၀၆ ခုနှစ်ကတည်းကပင် မြန်မာနိုင်ငံမှ ဗိုလ်မှူးချုပ်သိန်းအောင်က ပြောကြားခဲ့သည်။
''မြန်မာစစ်တပ်က ဖမ်းမိသွားမှာကို ကျနော် သိပ်ကြောက်တာ။ သစ်ကုမ္ပဏီကြီးတိုင်း လမ်းလျှောက် စကားပြောစက်တွေ ရှိတယ်။ စစ်တပ် လှုပ်ရှားမှုကို စောင့်ကြည့်ပြီး သစ်ခုတ်လုပ်သမားတွေကို ဘာလုပ်ရမယ်ဆိုတာ လှမ်းပြောတယ်။ ဆက်နေရမလား၊ တနေရာရာကို ရွှေ့ရမလား၊ ဘယ်နေရာမှာ ပုန်းနေရမလဲ ဆိုတာကို လှမ်းပြောတယ်'' ဟု တရုတ်နိုင်ငံမှ သစ်ခုတ်သမား Nabang က အဆိုပါ လေ့လာရေး အစီရင်ခံစာတွင် ပြန်ပြောင်း ပြောပြထားသည်။
ဤသို့ မြန်မာနယ်စပ်မှ တရားမဝင် သစ်မှောင်ခိုလုပ်ငန်းများ ကျဆင်းသွားခဲ့သော်လည်း တရုတ်ပြည်သည် နိုင်ငံတကာ တရားမဝင် သစ် အရောင်းအဝယ် ပမာဏ၏ ၂၅ ရာခိုင်နှုန်းခန့်မှာ တရုတ်ပြည်တွင် ရှိနေဆဲဖြစ်သည်ဟု Global Witness က ယုံကြည်သည်။
ယခုလည်း ဝယ်လိုအားသာရှိပါက ဤအဖိုးတန် ကုန်စည်ကို ရသည့်နည်းနှင့် အရယူပေးရန် သူတို့ကုမ္ပဏီများအတွက် ဘာမှပြဿနာမရှိပါဟု Global Witness အဖွဲ့ကြီးက ချဉ်းကပ်မေးမြန်းခဲ့သော တရုတ် သစ်လုပ်ငန်း အမှုဆောင်အရာရှိ အများအပြားက ပြောကြားကြသည်။
တရားမဝင် သစ်လုပ်ငန်းများ ဆက်လက် ရှင်သန်နေရသည့် အကြောင်းရင်းတရပ်မှာ တရားဝင် သစ်လုပ်ငန်းကို ပိတ်ပင် တားဆီးထားသည့် အမေရိကန်၊ ဥရောပ၊ အစ္စရေး စသော နိုင်ငံများတွင် တရားဝင် လမ်းကြောင်းများဖြင့် လုပ်ကိုင်ရာတွင် အလွန် အခက်အခဲ ရှိနေသည့် အကြောင်းလည်း အချက်တခုအနေဖြင့် ပါဝင်သည်ဟု တရုတ်ကုမ္ပဏီများက ဆက်လက်ရှင်းပြ ကြသည်။
''ဒီကုမ္ပဏီတွေက ကြမ်းခင်းသစ်တွေကို ဥရောပသမဂ္ဂနဲ့ အမေရိကန် အပါအဝင် တကမ္ဘာလုံးကို ပို့နေတာ။ အမေရိကန်မှာရှိတဲ့ Lacey Act ဥပဒေအရ တရားမဝင် ရရှိတဲ့ သစ်နဲ့ သစ်လုပ်ငန်းထွက် ပစ္စည်းတွေကို ရောင်းဝယ်တာကို ပိတ်ပင်ထားပေမယ့် အခုထိ အမေရိကန်အခြေစိုက် ကုမ္ပဏီတွေက မြန်မာကြမ်းခင်းသစ်တွေကို ကြော်ငြာနေတုန်းပဲ'' ဟု အဆိုပါ စောင့်ကြည့်ရေး အဖွဲ့ကြီးက ပြောသည်။
Global Witness အဖွဲ့ကြီး၏ ရည်မှန်းချက်မှာ သဘာဝ သယံဇာတရင်းမြစ်များနှင့် ဆက်နွယ်သည့် ပဋိပက္ခများ၊ ခြစားမှုများကို ပပျောက်စေရန် ဖြစ်သည်။