နယူးဒေလီ (မဇ္ဈိမ)။ ။ဥရောပသမဂ္ဂမှ သံတမန်များ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ သည် မြန်မာနိုင်ငံ အတိုက်အခံ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ခေါင်းဆောင်များနှင့် တွေ့ဆုံကာ စစ်အစိုးရက ၂၀၁၀ ခုနှစ်တွင် ကျင်းပရန် ပြင်ဆင်ထားသည့် အထွေထွေ ရွေးကောက်ပွဲအပေါ် ပါတီ၏ ရပ်တည်ချက် သဘောထားကို လာရောက် မေးမြန်းကြသည်။
သံတမန် ၂၀ ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အနောက် ရွှေဂုံတိုင်လမ်းရှိ ပါတီရုံးသို့ လာရောက်ကာ ဒေါ်အောင်ဆန်းစုကြည်က ပိတ်ဆို့မှုများ လျော့ပါးရေးအတွက် ပူးပေါင်း ဆောင်ရွက်နေမှုများ အပေါ် ဒီချုပ်က မည်သို့ မြင်ပါသလဲ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို ပြန်လည် ပြင်ဆင်ပေးရန် စစ်အစိုးရကို တောင်းဆိုခြင်းဖြင့် စစ်အစိုးရနှင့် အာဏာခွဲဝေယူရေးကို ဒီချုပ်က လုပ်ဆောင်နေပါသလား စသည်ဖြင့် လာရောက် မေးမြန်း စုံစမ်းခဲ့ကြကြောင်း အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဦးခင်မောင်ဆွေကပြောသည်။
`အာဏာခွဲဝေရေးကို လိုချင်လို့မဟုတ်ပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံကိုဘဲ ကျယ်ကျယ်ပြန့်ပြန့် အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေး ဖြစ်စဉ်တရပ် ပေါ်ပေါက် လာရေးအတွက် ပြင်ဆင်ပေးဖို့ တောင်းဆိုနေတာလို့ ကျနော်တို့ပြန်ဖြေခဲ့ပါတယ်´ ဟု ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။
`ကျနော်တို့က အာဏာတောင်းနေတာ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံ ဥပဒေက ပြည်သူတွေရဲ့ အခွင့်အရေးကို အာမခံချက် ပေးထားတာ သေချာအောင် အစိုးရကို တောင်းဆိုနေတာပါ´ ဟု ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။
ဘန်ကောက်မြို့ရှိ ဆွီဒင်သံရုံး၊ ရန်ကုန်ရှိ ဗြိတိသျှ၊ အီတလီ၊ ဂျာမဏီနှင့် ပြင်သစ်သံရုံးတို့မှ သံတမန်များသည် မြန်မာနို်င်ငံဆိုင်ရာ ဥရောပသမဂ္ဂ၏ ဘုံသဘောထား ရပ်တည်ချက် ချမှတ်နိုင်ရေးအတွက် ဤသို့ပင် ပါတီရုံးသို့ လာရောက်၍ သတင်းအချက်အလက်များ မေးမြန်းလေ့ ရှိသည်ဟု ဦးခင်မောင်ဆွေက ပြောသည်။
ဥရောပသမဂ္ဂကဲ့သို့ပင် အမေရိကန် နိုင်ငံကလည်း မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူမှုကို ဆက်လက် ထားရှိဆဲဖြစ်ပြီး ဧပြီလအတွင်းကပင် နောက်ထပ် တနှစ်သက်တမ်း ထပ်မံတိုးခဲ့သည်။
`အခုလို ပါတီရုံးကို လာရောက် လည်ပတ်တာဟာ အီးယူက မြန်မာပြည် ဒီမိုကရေစီရရှိရေး ကူညီဆောင်ရွက်ပေးဖို့ အတွက် လိုအပ်တဲ့ သတင်း အချက်အလက်တွေ ရယူဖို့ ကြိုးပမ်းတာဘဲလို့ ကျနော်တို့ ယုံကြည်ပါတယ်´ ဟု ဒီချုပ်ခေါင်းဆောင်က ပြောသည်။
အီးယူ ကိုယ်စားလှယ်အဖွဲ့ လာရောက် လည်ပတ်မှုသည် ပါတီရုံးသို့ အမေရိကန်၊ ယူကေ နှင့် သြစတြေလျား နိုင်ငံတို့မှ သံတမန်များ လာရောက် လည်ပတ်အပြီး ရက်အနည်းငယ် အကြာတွင် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
သောကြာနေ့က အမေရိကန်၊ ယူကေ၊ သြစတြေလျား နိုင်ငံတို့မှ သံတမန်များက ထိန်းသိမ်းခံ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခဲ့ပြီး ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီများနှင့်လည်း တွေ့ဆုံခဲ့သည်။
ဦးခင်မောင်ဆွေက အီးယူ ကိုယ်စားလှယ်အဖွဲ့ လာရောက် လည်ပတ်ခြင်းကို ကြိုဆိုလိုက်ပြီး `အီးယူနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာပြည် ပြဿနာအပေါ် စိတ်ဝင်စားမှုရှိတာကို ကျနော်တို့ ဝမ်းသာပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် နောက်ထပ် အရေးယူ ဆောင်ရွက် ပေးဖို့လဲ ကျနော်တို့အားလုံးကို တိုက်တွန်းလိုပါတယ်´ ဟု ပြောဆိုသွားသည်။