စစ်ခေါင်းဆောင်ကို သရော်သူ ကဗျာဆရာ နိုင်ငံတကာ ဆုရ

စစ်ခေါင်းဆောင်ကို သရော်သူ ကဗျာဆရာ နိုင်ငံတကာ ဆုရ
by -
မြင့်မောင်
စစ်အစိုးရ ခေါင်းဆောင်ကို အာဏာရူးဟူ၍ ကဗျာဖြင့် သရော်ခဲ့သူ အကျဉ်းထောင်တွင်းရှိ ကဗျာဆရာ ကိုစောဝေကို နယူးယောက် အခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ -HRW က ဆုချီးမြှင့် ...

နယူးဒေလီ (မဇ္စျိမ)။       ။ စစ်အစိုးရ ခေါင်းဆောင်ကို အာဏာရူးဟူ၍ ကဗျာဖြင့် သရော်ခဲ့သူ အကျဉ်းထောင်တွင်းရှိ ကဗျာဆရာ ကိုစောဝေကို နယူးယောက် အခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ -HRW က ဆုချီးမြှင့်လိုက်သည်။

HRW က ဖိနှိပ် ချုပ်ချယ်ခံ ဒေသများတွင် ရဲဝံ့စွာ ထုတ်ဖော်ရေးသားသူများကို Hellman/Hammet ဆုချီးမြင့်လေ့ရှိပြီး ၂၀၀၉  ခုနှစ်အတွက် နိုင်ငံတကာမှ စာရေးဆရာ ၃၇ ဦးအား ရွေးချယ်ခဲ့ရာ မြန်မာနိုင်ငံက ကိုစောဝေလည်း ပါဝင်သည်။

“HRW အနေနဲ့ အကို ကိုစောဝေအပေါ် အသိအမှတ်ပြုတဲ့အတွက် ဂုဏ်ယူ ဝမ်းသာပါတယ်။” ဟု မိသားစုဝင်တဦးက တယ်လီဖုန်းမှ တဆင့် ပြောသည်။ ကိုစောဝေ၏ ဇနီးမှာ ထောင်ဝင်စာ သွားတွေ့နေရ၍ ဆက်သွယ်၍ မရနိုင်ဘဲ ဖြစ်သည်။

မြန်မာသတင်းသမဂ္ဂ- BMA က ဆုချီးမြှင့်ခဲ့သည့်အပေါ် ဝမ်းသာအားရ ကြိုဆိုကြောင်း ပြောကြားလိုက်သည်။

“ဆုရတယ် ကြားတော့ ဝမ်းသာပါတယ်။ ကြိုဆိုပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံသား တယောက်အနေနဲ့ရော စာနယ်ဇင်းသမား တယောက်အနေ နဲ့ပါ ဂုဏ်ယူပါတယ်။ ကိုစောဝေက အခြေခံ လူ့အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ပြောဆိုရေးသား ထုတ်ဖေါ်ပိုင်ခွင့်ကို ရဲရဲဝင့်ဝင့် ကျင့်သုံးတဲ့ အတွက် အကျဉ်းချ ခံထားရသူ တယောက်ဖြစ်ပါတယ်”ဟု ဘီအမ်အေ အတွင်းရေးမှူး ဦးစံမိုးဝေ က ပြောသည်။

ပြည်တွင်း အပတ်စဉ်ထုတ် အချစ်ဂျာနယ်တခုတွင် ‘ဖေဖော်ဝါရီဆယ့်လေး’ ခေါင်းစဉ်ဖြင့်  နအဖ အကြီးအကဲကို အာ-ဏာ-ရူး-ကြီး-မှူး-ကြီး-သန်း-ရွှေ ဟု လျှို့ဝှက်ပဟေဋ္ဌိဖြင့် သရော်ကဗျာ ရေးဖွဲ့ခဲ့ရာ ဝေဖန်မှုကို သည်းခံလေ့ မရှိသော အာဏာပို်င်များကို ဒေါကန်သွားစေပြီး နိုင်ငံတော် ပုန်ကန်မှုဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရသည်။

ယခုအခါတွင် မန္တလေးတိုင်း ရမည်းသင်း အကျဉ်းထောင်တွင် ကဗျာဆရာမှာ ချုပ်နှောင်ခံနေဆဲ ဖြစ်သည်။

HRW သည် လွန်ခဲ့သည့် အနှစ် ၂၀ မှစတင်ကာ နိုင်ငံပေါင်း ၉၁ နိုင်ငံက စာရေးဆရာ စုစုပေါင်း ရ၀၀ တို့ကို Hellman / Hammett အနေဖြင့် ကူညီ ထောက်ပံ့မှုများ ပေးနေသည့်အပြင် စာရေးဆရာများအား အရေးပေါ် အခြေအနေအရ တိုင်းပြည်အတွင်းမှ ထွက်ခွာရန် လိုအပ်ပါက ခရီးစရိတ် ထောက်ပံ့ကြေးများ ပေးခြင်း၊ ထောင်တွင်း ညှင်းပန်း နှိပ်စက် မှုများကြောင့် ဆေးဝါးကုသမှု လိုအပ်နေသူများကိုလည်း ထောက်ပံ့ ကူညီနေကြောင်း အဖွဲ့၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထား သည်။

ယခုနှစ်တွင် Hellman /Hammett မှ ကူညီထောက်ပံ့ငွေ ရရှိသူများအနက် ၆ ဦးသည် တရုတ်၊ အီရန် နှင့် ဗီယက်နမ် နိုင်ငံတို့မှ ဖြစ်သည်။ ၃၇ ဦးတွင် ၁၈ ဦးမှာ ၎င်းနှင့် ၎င်း၏ မိသားစုအတွက် ဆက်လက် အန္တရာယ်ကျရောက် နိုင်သည့်အတွက် အမည်မဖော်ဘဲ အဖွဲ့အနေဖြင့် လျှို့ဝှက် ပေးထားသည်။

၎င်းတို့ထဲမှ အများစုမှာ မြန်မာ၊ တရုတ်၊ အီဂျစ်၊ အီရန်၊ အီရတ်၊ ရုရှ၊ ရဝမ်ဒါ။ သီရိလင်္ကာ၊ ဆီးရီးယား၊ တူနီးရှား၊ ဗီယက်နမ် နှင့် ဇင်ဘာဘွေ နိုင်ငံများ ဖြစ်သည်။

အမေရိကန် ပြဇတ်ရေး ဆရာမ Lillian Hellman ကို ဂုဏ်ပြုသည့် အနေဖြင့် Hellman/ Hammett ဆုကို ၁၉၈၉မှ စတင် ချီးမြှင့်ခဲ့ပြီး နောက်ပိုင်း မြန်မာ့ ကျောင်းသားလှုပ်ရှားမှု သမိုင်းကို ထောင်ကျခံ ရေးသားခဲ့သူ ကိုအောင်ထွန်းကို ၁၉၉၉ ခုနှစ် တွင် အလားတူ ဆုချီးမြှင့်ခဲ့ဘူးသည်။