စားနပ်ရိက္ခာ အရေးပေါ် အကူညီပေးရေးအဖွဲ့ ခရီးစတင်

စားနပ်ရိက္ခာ အရေးပေါ် အကူညီပေးရေးအဖွဲ့ ခရီးစတင်
by -
ဖနိဒါ
စပါးဖျက်ပိုးနှင့် ကြွက်များ သောင်းကျန်းမှု ကြံုတွေ့့နေရသော ကချင်ပြည်နယ် မချမ်းဘော မြို့နယ်အတွင်းရှိ ဒေသခံများအား အရေးပေါ် အကူအညီပေးရန် ကချင် ခေါင်းဆောင်များနှင့် စစ်အစိုးရ အရာရှိများ ...

မဇ္ဈိမ (ချင်းမိုင်)။       ။ စပါးဖျက်ပိုးနှင့် ကြွက်များ သောင်းကျန်းမှု ကြံုတွေ့့နေရသော ကချင်ပြည်နယ် မချမ်းဘော မြို့နယ်အတွင်းရှိ ဒေသခံများအား အရေးပေါ် အကူအညီပေးရန် ကချင် ခေါင်းဆောင်များနှင့် စစ်အစိုးရ အရာရှိများ မြစ််ကြီးနားမြို့မှ ယနေ့ ထွက်ခွာသွားကြပြီ ဖြစ်သည်။

သြဂုတ်လကုန်ပိုင်းမှ စတင်က ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်အတွင်းရှိ နမ်ရောကုန်၊ ခရော်ဘွမ်၊ ဒဂူလွမ်း၊ မလိခရန်ဝလောင်နှင့် မလိအင်ဝလောင် ဒေသများမှ ကျေးရွာပေါင်း ၆၀ ကျော်မှ တောင်ယာစပါးခင်းများကို ဒေသခံများက ‘နွန်’ ဟု ခေါ်သည့် စပါးဖျက်ပိုးနှင့် ကြွက်များ ကိုက်ဖျက်နေ၍ ဒေသခံ အနည်းဆုံး ၄၀၀၀ ခန့် စာရေးရိက္ခာ လိုအပ်မှု ဖြစ်ပေါ်နေသည်။

စပါးဖျက်ပိုးမှာ အဖြူရောင်ဖြစ်ပြီး လုံးပတ် ၂ စင်တီမီတာ၊ အရှည် တလက်မခန့် ရှိကြောင်း သိရသည်။

“ဒီမနက် ၉ နာရီခွဲမှာ ထွက်သွားကြပြီ။ အားလုံးအတူတူပဲ သွားကြတယ်။ ကားနဲ့တချို့၊ စက်လှေနဲ့ တချို့သွားတယ်။ ကား ၈ စီး။ တစီးမှာ ဆန်တတင်းခွဲအိတ် ၁၀၀ တင်နိုင်တယ်။ ၅လ အတွက်။ ကြွက်တွေ၊ ပိုးတွေက ဘယ်လိုရောဂါတွေ ရှိမရှိ သွားစမ်းသပ်ကြဖို့ပဲ။ ပိုးတွေကို အရင် သတ်ပြီးတဲ့နောက်  ၃၊ ၄ လအတွင်း ဘာတွေ ပြန်စိုက်မယ်ဆိုတဲ့ အစီအစဉ်တွေ လုပ်မယ်” ဟု ကေအိုင်အိုအရာရှိက မဇ္စျိမကို ပြောသည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဆန်အိတ် ၈၀၀ လှူတန်းရာ အပစ်ခတ်ရပ် ကေအိုင်အိုမှ တဆင့် ခွဲဝေပေးသွားရန် စီစဉ်နေသည်ဟု ဆိုသည်။

၁၀ ရက်နေ့က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် တိုင်းမှူးဗိုလ်ချုပ်စိုးဝင်းနှင့် မြစ်ကြီးနားမြို့မှ ရဲမှူးကြီး မောင်မောင်လွင်အပါအဝင်  ဌာနဆိုင်ရာ တာဝန်ခံများနှင့် ကေအိုင်အိုအဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာလဂျာ ဦးဆောင်သည့် ကေအိုင်အိုဌာနဆိုင်ရာ တာဝန်ခံများအကြားသီးနှံများပျက်စီး မှှုနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြ ပြီးနောက် ကူညီရေး အစီအစဉ် ပေါ်ထွက်လာခဲ့သည်။

စပါးဖျက်ပိုးနှင့် ကြွက်များသည် တကြိမ်ဝင်ရောက်လျှင် ၃ နှစ်မှ ၅ နှစ်ထိ ကြာတတ်ကြောင်း၊ ၁၉၇ဝ-၇၅ ခုနှစ် အတွင်းကလည်း အဆိုပါဒေသ များ၌ပင် ကြွက်ကြီးများ၏ ဖျက်ဆီးမှုကြောင့် ရိက္ခာအခက်ခဲ ဖြစ်ပြီး အသက်ဆုံးရှုံး ရသူများပင် ရှိခဲ့ဖူးကြောင်း ကေအိုင်အို အရာရှိတဦးက ပြောသည်။

ယမန်နှစ်ကလည်း ချင်းပြည်နယ် ပလက်ဝနှင့် မတူပီမြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၂၀၀ ခန့်မှ စိုက်ခင်းများအား ကြွက်များက ကိုက်ဖျက် သဖြင့် ဒေသခံ ၁ သိန်းခန့် အစားအစာ ပြတ်လပ်မှုနှင့် ကြံုရကြောင်း ချင်း လူ့အခွင့်အရေး အဖွဲ့က ထုတ်ဖော်ခဲ့သည်။