နယူးဒေလီ (မဇ္စျိမ)။ ။ ကြွက်များက စပါးခင်းများကို စားသောက်ဖျက်ဆီးပစ်သဖြင့် ဧရာဝတီတိုင်း ပြင်စလူမြို့နယ် ဓနိစိတ်အုပ် ကျေးရွာတွင် ယခုနှစ် စပါးထွက်နိုင်မည် မဟုတ်ကြောင်း ဒေသခံများက ပြောသည်။
လယ်ဧက ၁၀၀၀ ခန့်ရှိ ဓနိအုပ်တွင် လယ်စိုက်သည့် ဇွန်၊ ဇူလိုင်မှ စတင်၍ ကြွက်များသည် စပါးပျိုးခင်းများကို မချန်ဘဲ စားသောက်ခဲ့ရာမှ ယခုအခါ တရွာလုံးမှ ဧက ဆယ်ဂဏန်းမျှသာ စပါးထွက်နိုင်မည်ဟု ပြောဆိုကြခြင်း ဖြစ်သည်။
“ကျနော့်မှာ လယ် ၁၇၅ ဧက ရှိတာ စပါးဘယ်လောက် ထွက်နိုင်မယ်လို့တောင် မမှန်းရဲဘူး။ လက်ရှိလည်း ဆက်ကိုက် နေသေးတာကိုး။ အခု ၃ ဧက လောက်ပဲ စပါးကျန်တော့တယ်။ ကြွက်က စားပြီး ကုန်တာပေါ့နော်။ ပြန်စိုက်မယ် ဆိုတော့လည်း မမီတော့ဘူး” ဟု ဓနိစိတ်အုပ်မှ လယ်ပိုင်ရှင် ဦးအေးကြည်က မဇ္စျိမကို ပြောသည်။
ကြွက်များသည် ၃ လက်မဝန်းကျင်ခန့်ရှိပြီး လယ်ကွက်များအပြင် နေအိမ်တွင် ထားရှိသော ဆန်များ၊ ထမင်းကျန် ဟင်းကျန်များကိုပါ ရံဖန်ရံခါ တက်ရောက်စားသောက်လေ့ ရှိသည်။ လူများကိုမူ အန္တရာယ်မပေးကြောင်း သိရသည်။
“ကျနော်တို့လည်း မနိုင်တော့ဘူး။ ဒီတိုင်းပဲ ထားထားတယ်။ ကြွက်ထောင်ချောက် လုပ်တယ်၊ မနိုင်ဘူး။ ဆေးဖျန်းတော့ ပုပ်အဲ့ပြီး နံစော်နေတာ။ ဒါတောင်မှ မလျော့သွားဘူး။ ပိုတိုးလာတယ်” ဟု ဦးအေးကြည်က ပြောသည်။
ကြွက်များ တိုးပွားနေသဖြင့် အိမ်ထောင်စုတစုလျှင် တပတ်လျှင် တခါ ကြွက်မြီးအချောင်း ၂၀ အပ်နှံရမည်၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများထံ သွားရောက်အပ်နှံရမည်၊ မအပ်နှံနိုင်သည့် အိမ်ထောင်စုသည် ကြွက်မြီးတခုလျှင် ကျပ် ၅၀၀ နှုန်း ဒဏ်ဆောင်ရမည်ဟု ပြင်စလူ မြို့နယ်ကောင်စီ - မယက က ညွှန်ကြားထားသည်။
“ရပ်ကွက် (ကျေးရွာ) က ညွှန်ကြားပေးတာပဲ ရှိတယ်။ သူတို့ကိုယ်တိုင် လက်တွေ့ ကွင်းဆင်းတာတွေ မရှိဘူး။ ကျနော်တို့လည်း စပါးမဖြစ်တာနဲ့၊ စားစရာမရှိတာနဲ့၊ ကြွက်လိုက်သတ်နေရတာနဲ့ မနားရပါဘူးဗျာ။ မရရင်လည်း ဒဏ်ဆောင်ရသေးတယ်” ဟု အမည်မဖော်လိုသူ နောက်ထပ် ဒေသခံ လယ်သမားတဦးက မဇ္စျိမကို ပြောသည်။
ကြွက်များသည် လယ်မြေအောက်တွင် တွင်းများတူး၍ နေ့ခင်းဘက်တွင် ခိုအောင်းနေကြပြီး၊ စပါးပင်များကို အောက်ခြေမှလှိုက်၍ တူးစားကာ ညဘက်တွင်မှ တွင်းအပြင် ထွက်လေ့ရှိကြသည်။
အလားတူ ဧရာဝတီတိုင်း ဘိုကလေးနှင့် လပွတ္တာမြို့နယ်တွင် စပါးခင်း အများအပြား ကြွက်သောင်းကျန်းခံရသဖြင့် ပျက်စီးကုန်ပြီး၊ ဖျာပုံမြို့နယ်တွင်းရှိ ကျေးရွာအများစုတွင် ဆိုးရွားစွာ မဖြစ်ပွားသော်လည်း ရေနက်ကွင်းရွာတွင် များလွန်းကြောင်း သိရသည်။
“ကျမတို့ဘက် ဘိုကလေးတို့၊ ဖျာပုံတို့ဆိုရင် အရင်က ဆန်တွေ မတရား ထွက်တာလေ။ ဆန်လည်း ကောင်းတယ်။ ဒီနှစ်တော့ ဆန်မထွက်နိုင်တော့ဘူး။ ကိုယ့်မိသားစု စားဖို့တောင် အနိုင်နိုင် စုရမှာ” ဟု ဘိုကလေးမြို့နယ် ထောပိုင်ရွာမှာ လယ်ရှင် အမျိုးသမီးတဦးက မဇ္စျိမကို ပြောသည်။
ယခင်နှစ်များတွင် မဖြစ်ပွားခဲ့သော်လည်း ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းသင့်ပြီးနောက် ယခုနှစ် စပါးစိုက်ရာသီကျမှ ယခုလို အဖြစ်မျိုး ကြံုတွေ့ရခြင်း ဖြစ်သည်။