အာဆီယံ အမျိုးသမီး ဘောလုံးပွဲပြိုင်ပွဲ မြန်မာပြည်တွင် ကျင်းပမည်

အာဆီယံ အမျိုးသမီး ဘောလုံးပွဲပြိုင်ပွဲ မြန်မာပြည်တွင် ကျင်းပမည်
by -
ကျော်ခ
“AFF U-16 Women Championship 2009” ၁၆ နှစ်အောက် အာဆီယံ အမျိုးသမီး ဘောလုံးပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပမည် ...

ချင်းမိုင် (မဇ္စျိမ)။    ။ “AFF U-16 Women Championship 2009” ၁၆ နှစ်အောက် အာဆီယံ အမျိုးသမီး ဘောလုံးပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပမည်ဟု မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် MFF က ပြောသည်။

“မြန်မာနိုင်ငံကနေ ပထမဆုံး ကျင်းပတာပါ။ ပြိုင်ပွဲကြီးကြပ်တာကတော့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကပါ။ အရင်က ထိုင်းနဲ့ ဗီယက်နမ်မှာ ကျင်းပပါတယ်။ လက်မှတ်ကတော့ ရိုးရိုးတန်းက ၅၀၀ ၊ အထူးတန်းက ၁၀၀၀ ပါ။ မနက်ဖြန်ကနေ စပြီးရောင်းမှာပါ။ ပွဲစဉ်အလိုက် ကြိုဝယ်လို့ ရပါတယ်” ဟု MFF ပြန်ကြားရေး တာဝန်ခံ ဦးစိုးမိုးက မဇ္စျိမကို ပြောသည်။

အာဆီယံ ဘောလုံးအဖွဲ့ချုပ် AFF ၏ ဖလားလုပွဲကို ယခုလ ၉ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ၊ မြန်မာ U-16 အမျိုးသမီးအသင်းမှ A နှင့် B အသင်းများအဖြစ် ၂ သင်း ခွဲ၍ ယှဉ်ပြိုင်မည်ဟု ဦးစိုးမိုးက ဆက်ပြောသည်။

AFF ၏ စည်းမျဉ်း စည်းကမ်းများအရ အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရှိသည့် နိုင်ငံက ဘောလုံးအသင်း ၂ သင်း ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခြင်း ဖြစ်သည်။

ယင်းပြိုင်ပွဲ၌ အုပ်စု ‘က’ တွင် မြန်မာ (A) အသင်းနှင့်အတူ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှားတို့ ဖြစ်ကြပြီး၊ အုပ်စု ‘ခ’ တွင် မြန်မာ (B) အသင်းနှင့် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ သြစတြေးလျားတို့ ပါဝင်ကာ ရန်ကုန်မြို့ သုဝဏ္ဏကွင်းနှင့် အောင်ဆန်းကွင်းတွင် ကစားကြမည် ဖြစ်သည်။

၁၀-၁၁ ရက်များတွင် ကစားမည့် ပြိုင်ပွဲများကို မြန်မာနေရှင်နယ်လိဂ်ပွဲ MNL နှင့် တိုက်နေ၍ အောင်ဆန်းကွင်းသို့ ပြောင်းရွှေ့ကစားရန် ပြင်ဆင်ထားပြီး ကျန်ပွဲစဉ်များကို ဗိုလ်လုပွဲအထိ သုဝဏ္ဏကွင်း၌ ကျင်းပသွားမည်။

မြန်မာအမျိုးသမီးအသင်း ၂ သင်းအနက် (A) အသင်းသည် အဓိကထား ယှဉ်ပြိုင်သွားမှာ ဖြစ်ပြီး အာရှ ခြေစစ်ပွဲအောင်ခဲ့သော U-16 အသင်းမှ အမာခံကစားသမား ၁၅ ဦး ပါဝင်သည်။ အသင်းဖွဲ့စည်းသည်မှာ ၃ ပတ်ခန့်သာ ရှိသေးသော (B) အသင်းတွင်မူ အာရှခြေစစ်ပွဲအောင်ခဲ့သော U-16 အသင်းမှ ကစားသမား ရ ဦးသာ ပါဝင်ကြောင်း သိရသည်။

“ကျနော့်အထင်တော့ (A) အသင်းကတော့ ဆီမီးတော့ အနည်းဆုံး တက်မယ်လို့ ထင်ပါတယ်။ (B) အသင်းကတော့ အတွေ့အကြံု အများကြီး လိုသေးတယ် ခင်ဗျ။ စုပေါင်း လေ့ကျင့်ချိန်လည်း နည်းတယ်။ နောက်ပြီး ကလေးတွေက အရမ်းငယ်တယ်။ သူတို့အနေနဲ့ အုပ်စုတက်မယ် ဆိုရင်တောင်မှ တော်တော်လေး ချီးကျူးရမှာပေါ့” ဟု ဦးစိုးမိုးက ပြောသည်။

မြန်မာအမျိုးသမီး အသင်းများအနေဖြင့် ခက်ခဲစွာ ပြိုင်ဆိုင်ရမည့် အသင်းများမှာ ထိုင်း၊ ဗီယက်နမ်နှင့် သြစတြေးလျား ဖြစ်ပြီး၊ အင်ဒိုနီးရှားနှင့် ကျန်အသင်းများမှာ သူတင်ကိုယ်တင် ကစားရမည့် အသင်းများဖြစ်ကြောင်း ဦးစိုးမိုးက ဆိုသည်။

မြန်မာ (A) အသင်းတွင် အုပ်ချုပ်သူ ဒေါ်မြတ်မြတ်ဦး၊ နည်းပြ ဦးဝင်းမြင့်သွင်နှင့် အသင်းခေါင်းဆောင် ခင်သန်းဝေတို့ ဖြစ်ပြီး စုစုပေါင်း ကစားသမား ၂၀ ဦး ရှိသည်။ (B) အသင်းတွင် အုပ်ချုပ်သူ ဦးစိုးမြင့်လွင်၊ နည်းပြ ဦးဝင်းစိန်နှင့် အသင်းခေါင်းဆောင် အေးအေးမိုးဖြစ်ပြီး စုစုပေါင်း ကစားသမား ၂၀ ဦး ရှိသည်။

အဖွင့်ပွဲစဉ်အဖြစ် ယခုလ ၉ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ မြန်မာအသင်း (A) နှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်မည် ဖြစ်ပြီး၊ ဒုတိယပွဲစဉ်အဖြစ် ထိုင်းနှင့် အင်ဒိုနီးရှား အသင်းတို့က ညနေ ၅ နာရီခွဲတွင် ဆက်လက် ကစားသွားမည်။

တတိယနေရာနှင့် ဗိုလ်လုပွဲနေ့ကိုမူ ယခုလ ၁၈ ရက်နေ့တွင် ကျင်းပရန် သတ်မှတ်ထားသည်။

အာဆီယံ ဘောလုံးအဖွဲ့ချုပ် Asean Football Federation(AFF) ကို ၁၉၈၄ ခုနှစ် ဇန်နာဝါရီလတွင် အဖွဲ့ဝင်နိုင်ငံ ၆ နိုင်ငံဖြင့် စတင်ထူထောင် ခဲ့ခြင်း ဖြစ်သည်။