နယူးဒေလီ (မဇ္စျိမ)။ ။ ဂျပန်အစိုးရသစ် တက်လာပြီး မကြာမီတွင် မြန်မာပြည်ဆိုင်ရာ ဂျပန်သံရုံးမှ သံမှူးက မြန်မာ့ဒီမိုကရေစီ အတိုက်အခံပါတီ ခေါင်းဆောင်တဦးကို ခေါ်ဖိတ် ဆွေးနွေးခြင်းသည် နိုင်ငံရေးအဓိပ္ပာယ် ပြောင်းလဲမှုတခုအဖြစ် ယူဆကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောသည်။
“ကျနော့် အယူအဆတင် မကဘဲနဲ့ ဂျပန်အစိုးရသစ်ကလည်း တက်လာတဲ့အချိန်၊ မြန်မာပြည်ဆိုင်ရာ ဂျပန်အစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒတွေ ပြန်လည်ပြင်ဆင်ဖို့ သုံးသပ်နေချိန်မှာ အတိုက်အခံပါတီက ကျနော့်ကို အခုလို မေးမြန်းလာတယ်ဆိုတော့ နိုင်ငံရေးအဓိပ္ပာယ် ပြောင်းလဲလာတယ်လို့ ယူဆလို့ရပါတယ်” ဟု ဦးဝင်းတင်က မဇ္စျိမကို ပြောသည်။
ရန်ကုန်တိုင်း ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိ ဂျပန်သံရုံးမှ သံမှူးက ဖိတ်ခေါ်သဖြင့် ယမန်နေ့ ညနေပိုင်းက ၁ နာရီကြာ တွေ့ဆုံခဲ့ရာ လက်ရှိမြန်မာ့နိုင်ငံရေး၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ တွေ့ဆုံဆွေးနွေးရေး၊ ရွေးကောက်ပွဲဆိုင်ရာ သဘောထားများကို တင်ပြခွင့်ရခဲ့သည်။
“ဂျပန်အစိုးရသစ်အနေနဲ့ မြန်မာနိုင်ငံကို စျေးကွက်စီးပွားရေး စားကျက်အနေနဲ့ သဘောမထားဘဲနဲ့၊ လက်ရှိ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ ပါဝင်ကူညီပေးဖို့ တာဝန်ရှိတယ်လို့လည်း ထပ်မံ တောင်းဆိုခဲ့ပါတယ်” ဟု ဦးဝင်းတင်က ပြောသည်။
ကမ္ဘောဒီးယားနိုင်ငံတွင် မကြာသေးခင်က ကျင်းပခဲ့သော မဲခေါင်ဒေသဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာအိုကားဒါးက မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် တိုက်တွန်းခဲ့သေးသည်။ ဤကဲ့သို့ တိုက်တွန်းခဲ့သည့်အပေါ် ကြိုဆိုလိုက်ကြောင်း ဦးဝင်းတင်က ပြောဆိုသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ရန် တောင်းဆိုရာ၌ သူမအား အဖွဲ့ချုပ်ရုံး၌ ပေးထိုင်ရန်နှင့် နေအိမ်တွင် လွတ်လပ်စွာ သွားလာခွင့်ကို ရည်ရွယ်တောင်းဆိုခြင်း မဟုတ်ဘဲ၊ မြန်မာ့နိုင်ငံရေး ပြဿနာကို ဖြေရှင်းရာ၌ နိုင်ငံရေးနည်းနှင့် တွေ့ဆုံဆွေးနွေးရေး လုပ်ရန်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စများ ဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး စားပွဲပေါ် ရောက်ရှိလာရန်သာ ဦးတည်ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“အစိုးရကို တိုက်တွန်းတဲ့အခါမှာ ဒီအချက်တွေကို တိုက်တွန်းပေးပါ။ ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ တိုက်တွန်းတာတွေ၊ NLD ပါဝင်သင့်တာတွေ၊ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဖို့ ပြောနေတာတွေကို ကျနော်တို့ လက်မခံနိုင်ဘူး” ဟု ဦးဝင်းတင်က ပြောသည်။
ထို့အပြင် ဂျပန်အစိုးရက အတိုက်အခံ အင်အားစုများကို ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် တိုက်တွန်းနေချိန်တွင် စစ်အစိုးရအနေဖြင့် ၂၀၀၈ အခြေခံဥပဒေအား ပြန်လည်၍ ပြင်ဆင်သုံးသပ်ရန် ကိစ္စများကိုလည်း စစ်အစိုးရကို ဂျပန်အစိုးရအနေဖြင့် တိုက်တွန်းပေးရန်လည်း သူက တောင်းဆိုခဲ့သေးသည်။
“ဒီပြဿနာကို အစိုးရ (နအဖ) က ဖြေရှင်းပေးနိုင်မှသာလျှင် ရွေးကောက်ပွဲဟာ အဓိပ္ပာယ်ရှိမယ်။ ဒီအတိုင်း ရွေးကောက်ပွဲ သက်သက်ကတော့ ကျနော်တို့ ဘာမှ ထည့်သွင်းမစဉ်းစားနိုင်ဘူး။ မစဉ်းစားတာဟာ ဘယ်အထိ အကျိုးသက်ရောက်သလဲဆိုတော့ NLD တို့၊ ဒေါ်အောင်ဆန်းစုကြည်တို့ ရွေးကောက်ပွဲမှာ မပါဝင်ဘူး၊ ပါဝင်ခြင်း မပြုဘူးဆိုတဲ့အထိ သက်ရောက်သွားနိုင်တယ်” ဟု သူက ပြောသည်။
ယခုလို တွေ့ဆုံရာတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ သံမှူးအပြင်၊ သံရုံး၏ ပြန်ကြားရေးတာဝန် ယူထားသည့် မြန်မာအမှုထမ်း ဦးချိုထွန်းလည်း တက်ရောက်ခဲ့သည်။ သို့သော် ဂျပန်သံရုံးဘက်မှ တု့ံပြန်ဆွေးနွေးခြင်းနှင့် အကြံပေးခြင်းမျိုး မရှိခဲ့ပါ။
ပြီးခဲ့သည့် သြဂုတ်လအတွင်းက ရွေးကောက်ပွဲတွင် ဂျပန်နိုင်ငံကို နှစ်ပေါင်း ၅၀ ကျော် အုပ်ချုပ်လာခဲ့သည့် ဂျပန် လစ်ဘရယ် ဒီမိုကရက်တစ် ပါတီကို အတိုက်အခံပါတီ ဂျပန် ဒီမိုကရက်တစ် ပါတီက အနိုင်ရရှိခဲ့ကာ အစိုးရသစ် ဖွဲ့နိုင်ခဲ့သည်။