ဒေါ်အောင်ဆန်းစုကြည် အမှုအယူခံ တိုင်းရုံးက ပယ်ချ

ဒေါ်အောင်ဆန်းစုကြည် အမှုအယူခံ တိုင်းရုံးက ပယ်ချ
by -
မုံပီး
ခရိုင်တရားရုံးက ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ် စီရင်ခဲ့သည်ကို တိုင်းတရားရုံး၌ အယူခံဝင်ခဲ့ရာ ယနေ့တွင် တရားရုံးက ပယ်ချလိုက်ပြီ ဖြစ် ...

နယူးဒေလီ (မဇ္စျိမ)။       ။ ခရိုင်တရားရုံးက ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ် စီရင်ခဲ့သည်ကို တိုင်းတရားရုံး၌ အယူခံဝင်ခဲ့ရာ ယနေ့တွင် တရားရုံးက ပယ်ချလိုက်ပြီ ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့သည့် သြဂုတ်လ ၁၁ ရက်နေ့တွင် အင်းစိန်ထောင် တွင်း မြောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီး၊ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ညွှန်ကြားချက်ကြောင့် ပြစ်ဒဏ်ကို ထက်ဝက်လျှော့ကာ နေအိမ်တွင် ဆိုင်းငံ့ပြစ်ဒဏ်ဖြင့် နေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများအဖွဲ့က အမှုကို တိုင်းတရားရုံးသို့ အယူခံတင်သွင်းရာ ပြီးခဲ့သည့်လ ၁၈ ရက်နေ့တွင် နှစ်ဖက်ရှေ့နေများ လျှောက်လဲချက် ပေးခဲ့ကြပြီးနောက် ယနေ့တွင် စီရင်ချက်ချမည်ဟု ချိန်းဆိုခဲ့ရာမှာ အယူခံကို ပယ်ချလိုက်ခြင်း ဖြစ်သည်။

''အောက်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုတယ်ဆိုပြီး တိုင်းရုံးက ပြောတယ်။ ဒါပေမဲ့ ကောင်းတာက ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ အသက်မရှိတော့ဘူးလို့ ဒီကနေ့ တရားရုံးက ပြောတယ်။ လုံးဝ ယုတ္တိမရှိဘူးလို့ ပြောတယ်'' ဟု ယနေ့ တရားရုံးအခြေအနေကို လေ့လာစောင့်ကြည့်နေသူတဦးက မဇ္စျိမကို ပြောသည်။

ပြီးခဲ့သည့် မေလဆန်းတွင် အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ဝီလျံ ရက်တော ဆိုသူသည် ရန်ကုန် အင်းလျားကန် ဘေးတွင် တည်ရှိသည့် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကျခံနေရသည့် နေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်ခဲ့သည်ကို ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံဥပဒေအရ အရေးယူ၍ တရားစွဲခဲ့ပြီး ခရိုင်တရားရုံးက ပြစ်ဒဏ်စီရင်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ထို ဥပဒေမှာ ပျက်ပြယ်ပြီး ဖြစ်သော ဥပဒေအဖြစ် တရားရုံးတွင် ခုခံချေပ ခဲ့ကြသေးသည်။

''၇၄ ဥပဒေကို မရှိတော့ဘူးလို့ ပြောတာ ကောင်းပါတယ်။ နောက်ပိုင်းမှာ လာမယ့် အမှုတွေအတွက် ရှင်းသွားတာပေါ့။ အခုဟာက ဥပဒေဆိုင်ရာ ထက် နိုင်ငံရေးအမှုဖြစ်တယ်။ အဲဒါကြောင့် အခုလို အသိအမှတ်ပြုတာ ကောင်းပါတယ်'' ဟု တရားရုံးအခြေအနေ လေ့လာ စောင့်ကြည့်သူက ဆိုသည်။

ခရိုင်တရားရုံး ဆုံးဖြတ်ချက်အတိုင်း တိုင်းတရားရုံးက ဆက်လက် အတည်ပြုပါက ဗဟိုတရားရုံးချုပ်သို့ ဆက်လက် အယူခံသွားမည်ဟု အစောပိုင်း ဆက်သွယ် မေးမြန်းချက်တရပ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောဆိုခဲ့သည်။

မြန်မာ့လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် ၂၀ ခန့်တွင် ၁၄ နှစ်ခန့် အကျယ်ချုပ် ကျခံခဲ့ရသည်။

အတိုက်အခံ အင်အားစုများကမူ စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ လူမြင်ကွင်းမှ ပျောက်ကွယ်နေစေ ရန် ဆက်လက် ချုပ်နှောင်ထားလိုပြီး၊ အများပြည်သူအကြား သူမ၏ ကျော်ကြားမှုကို စိုးရိမ်နေသည်ဟု ဝေဖန်သုံးသပ်ကြသည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်က အနောက်ကမ္ဘာ ဦးဆောင်သည့် ပြစ်ဒဏ်ခတ် အရေးယူမှုများ အဆုံးသတ်ရန် အတွက် ပူးပေါင်း ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ကမ်းလှမ်းသည့်စာကို မကြာသေးခင်က စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးပို့ ခဲ့သေးသည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးတွဲ ဆောင်ရွက်ရန်ကို သံသယရှိသူ ဗိုလ်ချုပ်မှူးကြီး အနေဖြင့် အဆိုပါ ကမ်းလှမ်းချက်ကို တုံ့ပြန်ဖွယ် မရှိကြောင်း လေ့လာသုံးသပ်သူများက ယုံကြည်ခဲ့ကြသည်။