မဇ္ဈိမ (ချင်းမိုင်)။ ။ တတိယအကြိမ်မြောက် ပတ္တနိက္ကုဇ္ဇန ကံဆောင်မှုကို လှုံ့ဆော်သောအားဖြင့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် - ဗကသ က အဝါရောင်လှုပ်ရှားမှုတခု ယနေ့ ပြုလုပ်လိုက်ကြောင်း လှုပ်ရှားမှုကို ဦးဆောင်သူ ကိုမင်းသွေးသစ်က ပြောသည်။
ဗကသ ဦးဆောင်မှု အောက်ရှိ ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂက ရန်ကုန်မြို့မှ ဗိုလ်ချုပ်စျေး၊ သီရိမင်္ဂလာစျေး၊ တာမွေစျေး၊ တောင်ဥက္ကလာစျေး၊ မြောက်ဥက္ကလာစျေးစသည့် လူစည်ကားရာ နေရာများတွင် အဝါရောင် တီရှပ်အင်္ကျီ များ ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။
“ရွှေဝါရောင် နှစ်ပတ်လည်နေ့မှာ သံဃာတွေနဲ့အတူ တသွေးတသားထဲ ရှိတယ်ဆိုတာကို ပြတာပါ။ ကျနော်တို့က လပြည့်နေ့အတွက် ကုသိုလ် ယူတာပါလို့ ပြောပြီးတော့ စျေးထဲသွားဝေပြီး အမြန်ပြန်ထွက်လာလိုက်တယ်။ တီရှပ် အဝါရောင် ဗြောင်ပဲ။ အားလုံး ၂၀၀ လောက် ဝေလို့ရတယ်” ဟု ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ကိုမင်းသွေးသစ်က မဇ္ဈိမကို ပြောသည်။
အကျဉ်းထောင်များတွင် ဖမ်းဆီးခံထားရသော သံဃာတော်များကို အမြန်လွှတ်ပေးရန်၊ ၂၀၀၇ ခုနှစ် စက်တင်ဘာ မေတ္တာပို့ ဆုတောင်းပွဲ၌ သံဃာတော်များအား ဖမ်းဆီးသတ်ဖြတ်ထားမှုအတွက် ယခုလ ၂ ရက်နေ့ နောက်ဆုံးထား တောင်းပန်ရန် နအဖ စစ်အစိုးရအား သတိပေးသည့် မြန်မာနိုင်ငံ သံဃာ့ တပ်ပေါင်းစုအဖွဲ့၏ ယခင်လ ထုတ်ပြန်ချက်အား ထောက်ခံသည့် လှုပ်ရှားမှုတခုလည်း ဖြစ်ကြောင်း သိရသည်။
သံဃာတော်များ၏ ထုတ်ပြန်ချက်၌ အကယ်၍ နအဖ စစ်အစိုးရက သတိပေးချက်ကို မလိုက်နာပါက ယခုလ ၃ ရက်နေ့တွင် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီ လူထုအုံကြွမှု အရေးတော်ပုံ၌ ကျဆုံးသွားသော အာဇာနည်များကို ရည်စူး၍ ၁၉၉၀ ခုနှစ်တွင် မန္တလေးမြို့၌ လှူဒါန်းသော သံဃာ့ဒါန ဆွမ်းလောင်းပွဲကို စစ်အစိုးရ တပ်ဖွဲ့များက ပစ်ခတ်ဖြိုခွင်းရာတွင် သံဃာတော်များ ပျံလွန်တော်မူခဲ့သဖြင့် ပထမအကြိမ် သပိတ်ဆင်နွှဲ ခဲ့သည်။
၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ပခုက္ကူမြို့ သံဃာတော်များ ငြိမ်းချမ်းစွာ မေတ္တာပို့ လမ်းလျှောက်သည်ကို နအဖ စစ်တပ်က ဖမ်းဆီးခြင်း၊ ဓာတ်တိုင်တွင် ကြိုးနှင့်တုပ်၍ သေနတ်ဒင်ဖြင့် ထုခြင်း၊ စစ်ဖိနပ်ဖြင့် ကန်ကျောက်ခြင်းဖြင့် စော်ကားခဲ့သောကြောင့် ဒုတိယအကြိမ် သပိတ်မှောက် ကံဆောင် ခဲ့ကြသည်။
လာမည့် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်မှုကို အောင်မြင်စွာ လုပ်ဆောင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့တပ်ပေါင်းစုမှ ပြောခွင့်ရသူ ဦးဓမ္မဝံသက မိန့်ကြားသည်။
“ကံမြောက်မှာပါ။ ၃ ရက်နေ့ သီတင်းကျွတ် လပြည့်နေ့မှာ ဦးဇင်းတို့က သိမ်တခုထဲမှာ သွားပြီးတော့ ကမ္မဝါစာ ပြုတဲ့အချိန်မှာ သံဃာတွေက သမဂ္ဂီဖြစ်နေတာ။ အားလုံးက စုစုစည်းစည်း၊ ညီညီညွတ်ညွတ်နဲ့ ဖြစ်နေချိန်မှာ ကမ္မဝါ ညှပ်တယ်ဆိုတော့ ကံမြောက်နိုင်တယ်။ လူတွေ ထင်နေတာက အရင်စက်တင်ဘာလို လုပ်မယ်လို့ ထင်နေကြတယ်။ အဲဒီပုံစံတော့ မဟုတ်ဘူး” ဟု ဦးဓမ္မဝံသက မဇ္ဈိမကို မိန့်သည်။
သံဃာတော် အနည်းဆုံး ၄ ပါးခန့်က သိမ်ကျောင်းဆောင်အတွင်း၌ ကမ္မဝါ စာရွတ်ဆိုပြီး တမ္ဘာလုံးရှိ သံဃာတော်များ အား အကြောင်းကြား လိုက်လျှင် သံဃာများက ပြုသည့်ကံ ဖြစ်သောကြောင့် သံဃာမှန်သမျှ လေးစားလိုက်နာ ရကြောင်းနှင့် မလိုက်နာပါက သံဃာဝိနည်း၊ မြတ်စွာဘုရား၏ ဝိနည်းတော်ကို ချိုးဖောက်ရာကျကြောင်း သံဃာတော်များက မိန့်သည်။
၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သော သံဃာတော်များ ငြိမ်းချမ်းစွာ မေတ္တာပို့လမ်းလျှောက်ပွဲ နှစ်ပတ်လည် ကာလတွင် သံဃာတော် များ၏ လှုပ်ရှားမှုများကို တားဆီးနိုင်ရန် စစ်အစိုးရက ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်နေသည်။
ယခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း စစ်အစိုးရက နိုင်ငံရေး လှုပ်ရှားသူ အနည်းဆုံး ၃၀ ကျော်အား ဖမ်းဆီးခဲ့ရာ ထိုအထဲတွင် သံဃာတော် ၁၄ ပါး ပါဝင်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) က ပြောဆိုသည်။
ယမန်နေ့ကလည်း ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့နယ် ထန်းတောကျေးရွာမှ သက်တော် ၅၀ နှစ် အရွယ်များ ဖြစ်ကြသည့် ဇေယျသီရိန် ကျောင်းထိုင်ဆရာတော် ဦးမုနိန္ဒနှင့် ဇေယျာသိမ် ကျောင်းတိုက်မှ ဦးဇင်း ဦးအဂ္ဂတို့အား မြို့နယ်ကောင်စီ မယက ဥက္ကဋ္ဌ အပါအဝင် အထူးရဲ သတင်းတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု ထန်းတောကျေးရွာ ဒေသခံတဦးက ပြောသည်။
“နှစ်ပါးစလုံးကို ကမ္ဘာအေး ဘုရားမှာ ထားတယ်လို့ ပြောတယ်။ ဒီနေ့ ကွမ်းခြံကုန်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် တဦးကို အရှင်ဦးအဂ္ဂက ဖုန်းဆက်လာတယ်လို့ ပြောတယ်။ ပြန်လွတ်လာ မလားတော့ မသိသေးဘူး” ဟု ဒေသခံက မဇ္စျိမကို ပြောသည်။
အဆိုပါ သံဃာတော် နှစ်ပါးသည် မန္တလေးမြို့စာသင်တိုက်များတွင် ဘာသာရေးဆိုင်ရာ ဆည်းပူး ခဲ့ဖူးသူများဖြစ်ပြီး ၂၀၀၇ စက်တင်ဘာလအတွင်း သံဃာတော်များ မေတ္တာပို့ ဆုတောင်းရာတွင် ပါဝင်ခဲ့ကြောင်း ကွမ်းခြံကုန်းမြို့နယ်မှ သံဃာတပါးက မိန့်သည်။