ချင်းမိုင် (မဇ္စျိမ)။ ။ မန္တလေးတိုင်း မြင်းခြံမြို့မှ ဒေါက်တာဝင့်သူ အပါအဝင် လူမှုရေး တက်ကြွ လှုပ်ရှားသူ ၅ ဦးကို အာဏာပိုင်များက ဖမ်းဆီးကာ မန္တလေးတောင်ခြေရှိ တိုင်း အထူး ရဲသတင်းတပ်ဖွဲ့ SB ရုံးတွင် ထားရှိသော်လည်း တွေ့ခွင့်မရဟု ဒေါက်တာဝင့်သူ မိသားစုနှင့် နီးစပ်သူက ပြောသည်။
ယခုလ ၁၆ ရက်နေ့က မန္တလေးတိုင်း အထူး ရဲသတင်း တပ်ဖွဲ့မှ ရဲမှူးကြီးသက်ဝေနှင့် ရဲတပ်ဖွဲ့ဝင် ၂၀ ခန့်က အကြောင်းပြချက်မရှိ ဒေါက်တာဝင့်သူ အပါအဝင် ၅ ဦးကို နေအိမ်များမှ ဖမ်းဆီးသွားပြီးနောက်၊ တိုင်း SBရုံးတွင် ထားရှိကြောင်း သိရှိသဖြင့် ၂၂ ရက်နေ့တွင် မိသားစုဝင်များက ရုံးသို့ သွားရောက်ရာ တွေ့ခွင့်မပေးသဖြင့် ပြန်လာခဲ့ကြရသည်။
“မန္တလေးတောင်ခြေက SB ရုံးမှာ ထားတယ်။ ၂၂ ရက်နေ့က သွားတွေ့တယ်။ ဘယ်သူမှ ထွက်မတွေ့ဘူး။ ကျန်တဲ့သူ ဘယ်သူမှ မေးလို့မရဘူး။ ရဲသားလေး တယောက်ပဲ တွေ့တယ်။ ပစ္စည်းတွေကတော့ ထားရင်လည်း ထားခဲ့၊ မသေချာဘူးတဲ့။ စိတ်မချတော့ ပေးမပစ်ခဲ့ဘူး” ဟု ဒေါက်တာဝင့်သူ မိသားစုနှင့် နီးစပ်သူက မဇ္စျိမကို ပြောသည်။
ဒေါက်တာဝင့်သူ၊ ကိုမျိုးဟန်၊ ကိုအောင်မျိုးလတ်၊ ကိုလှမျိုးကျော် ခေါ် အီးတီ၊ ရာကြီး ခေါ် ကိုစိုးရာဇာဖြူတို့ ၅ ဦးအား နေအိမ်များမှ ယခုလ ၁၆ ရက်နေ့ နံနက် ၃ နာရီခန့်တွင် နေအိမ်များသို့ လာရောက်ကာ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်သည်။
''ကျမတို့အိမ် ဖမ်းတာကတော့ ရဲကား ၃ စီးနဲ့ ရဲသားအယောက် ၂၀ လောက်က အိမ်ကိုဝိုင်းထားတယ်။ ကျမက ခရီးထွက်နေတယ် မရှိဘူး။ အကိုက အပြင်ခဏ ထွက်သွားတော့ မတွေ့ဘူး။ အိမ်မှာ အမေ တယောက်ပဲ ရှိတယ်။ အမေက ဖမ်းတာလားမေးတော့ မဟုတ်ပါဘူး။ မေးစရာတခု ရှိလို့တဲ့။ အဲတာနဲ့ အမေက မေးစရာရှိရင် နေ့ခင်းကျမှ လာပါလားလို့ပြောတော့ အခုမှ ကိစ္စပေါ်လာလို့ပါတဲ့။ ကျမအကိုက မနက်ကျမှ သူ့လူတွေ ပါသွားတယ်ကြားလို့ SB ရုံးကို သွားလိုက်တယ်'' ဟု ဒေါက်တာဝင့်သူ၏ ညီမဖြစ်သူက မဇ္စျိမကို ပြောသည်။
အိမ်တွင် ရှိနေသည့် ဒေါက်တာဝင့်သူ၏ ယောက်ဖဖြစ်သူ ကိုကြည်ဝင်းကို ရဲများက SB ရုံးသို့ ခေါ်သွားသဖြင့် ထိုနေ့ နံနက်ပိုင်းတွင် ဒေါက်တာဝင့်သူက ရုံးသို့ လိုက်သွားရာမှ ဖမ်းဆီးခံလိုက်ရပြီး၊ ကိုကြည်ဝင်းကို ပြန်လွှတ်ပေးခဲ့သည်။
ဒေါက်တာဝင့်သူသည် ဝါသနာတူသူများနှင့် စုပေါင်း၍ နာဂစ်မုန်တိုင်းသင့် ဒုက္ခသည်များအား ကျပ်ငွေ သိန်းပေါင်း ရာချီ၍ ကောက်ခံလှူဒါန်းမှုများ ပြုလုပ်ခဲ့သူဖြစ်သည်။
ထို့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဆောင်ပြုလုပ်သည့် အဖြူရောင်ကင်ပိန်း လှုပ်ရှားမှုတွင် အဖြူရောင်ဝတ်ကာ ဘုရားသို့သွား၍ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းသဖြင့် သူနှင့် လုပ်ဖော်ကိုင်ဘက်များကို ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင်များက ဝိုင်းရံပိတ်ဆို့ထားသဖြင့် အရပ်သား ၂၀၀ ခန့်က ကြံ့ဖွံ့များကို ထပ်မံ ဝိုင်းခဲ့သည့် ဖြစ်ရပ်သည် မြင်းခြံမြို့တွင် လူသိများခဲ့သည်။
“နာဂစ်တုန်းကလည်း သိန်းရာနဲ့ချီ လှူနိုင်တယ်။ ဒေါက်တာဝင့်သူ တယောက်ထဲတင် မကဘူး။ သူတို့ အုပ်စုတောင့်တယ်။ ကျမ သိရသလောက်တော့ မူလတန်းကျောင်း ၈ ကျောင်းလောက် ဆောက်ထားပေးနိုင်တယ်။ ဆရာ၊ ဆရာမ ၃၀ လောက်ကို လစာ ပေးထားနိုင်တယ်။ အဲဒီလို လုပ်ဆောင်လို့ အဖမ်းခံရတယ်လို့ ထင်ပါတယ်” ဟု မိတ္တီလာမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက ပြောသည်။
မြင်းခြံတွင် ဒေါက်တာဝင့်သူတို့ ၅ ဦးအား ဖမ်းဆီးမှုအပြီး နောက်နှစ်ရက်တွင် ၆ ရပ်ကွက်မှ ကိုသန်းထိုက်အောင် အပါအဝင် လူငယ် ၅ ဦးလည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။