ဒါကာ (မဇ္ဈိမ)။ ။ ဓားပြများ သောင်းကျန်း နေသော ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောမြို့များတွင် အာဏာပိုင်များက ညမထွက်ရ အမိန့် ထုတ်ပြန်ထား သည်။
ည ၈ နာရီမှ နံနက် ၅ နာရီအထိ မထွက်ရ ကန့်သတ်မိန့်ကို မောင်တောမြို့ ကျီးကန်းပြင် အခြေစိုက် နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲရေး ဌာနချုပ် - နစက မှ ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး အောင်ကြီး၏ လက်မှတ်ဖြင့် အမိန့်ထုတ်ပြန်ပြီး၊ ဘူးသီးတောင်မြို့နယ်တွင် အမှတ် (၁၅) ဒေသစစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ - ၁၅) မှ ဗျူဟာမှူး ဗိုလ်မှူးချုပ် အောင်နိုင်က ထုတ်ပြန်ခြင်း ဖြစ်သည်။
ည မထွက်ရ အမိန့်ဖြင့် ထုတ်ပြန်ထားစဉ်မှာပင် ယခုလ ၁၈ ရက်နေ့က မောင်တော အမှတ် ၆ နစက တပ်ဖွဲ့ဝင်များနှင့် ဓားပြများ အောင်မင်္ဂလာနှင့် ဝက်ပုတ်ရွာ အကြား ညသန်းခေါင်ယံ အချိန်တွင် တိုက်ပွဲ ဖြစ်ပွားသဖြင့် တပ်ကြပ်ကြီး သာခိုင် ဘယ်ဘက်ပေါင် ဒဏ်ရာရခဲ့ကြောင်း နစက ဌာနချုပ်နှင့် နီးစပ်သူတဦးက ပြောသည်။
မောင်တော ဆေးရုံုကလည်း ဓားပြများနှင့် တိုက်ပွဲ ဖြစ်မှုကြောင့် ဒဏ်ရာရ တပ်ကြပ်ကြီး သာခိုင် ဆေးရုံုရောက်ရှိ လာကြောင်း အတည်ပြု ပြောဆိုသည်။
ပစ်ခတ်မှု ဖြစ်ပွားပြီး နောက်ရက်၌ ဘင်္ဂလား-မြန်မာနယ်စပ် မှောင်ခို လမ်းကြောင်းတွင် ကူသန်း သွားလာမှုကို မြန်မာဘက်မှ ပိတ်လိုက်သည်။
ယခုလ ၁၄ ရက်နေ့က နစက အယောင်ဆောင် ဓားပြများက မောင်တော အမှတ် ၆ ရပ်ကွက်မှ ဦးမောင်လှကျော်၏ နေအိမ်မှ ကျပ် ၄၀၀၀၀၊ လက်ဝတ်ရတနာများနှင့် အဝတ်အထည်များကို လုယက်မှုဖြစ်ခဲ့သည်။
ထို့အပြင် ပြီးခဲ့သည့်လ ၁၅ ရက်နေ့ ညသန်းခေါင်တွင် မောင်တောမြို့နယ် အီတလီယာ ကျေးရွာအုပ်စုရှိ ဟော်ရီဒူလာ ရွာနေ ဦးဂျာမာလ် ဟူစိန်၏ နေအိမ်မှ ဓါးပြများက ငွေ ၄ သိန်းကျော် ၊ ရွှေလက်ဝတ်လက်စားများ၊ အဝတ်အထည်များကို လုယက်သွားခဲ့ကြောင်း သိရသည်။