အရှင် ဂမ္ဘီရ ငှက်ဖျား ဝေဒနာ ခံစားနေရဟု ထောင်တွင်းမှ ပေးပို့သော စာတွင်ပါရှိ

အရှင် ဂမ္ဘီရ ငှက်ဖျား ဝေဒနာ ခံစားနေရဟု ထောင်တွင်းမှ ပေးပို့သော စာတွင်ပါရှိ
by -
ဖနိဒါ
ရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည် အခါသမယတွင် ခေါင်းဆောင်ခဲ့သူ သံဃာတော် တပါးဖြစ်သော အရှင်ဂမ္ဘီရသည် ကလေးထောင်တွင်း၌ ငှက်ဖျားဝေဒနာ ခံစားနေရသည်ဟု ထောင်တွင်းမှ ပေးပို့ ...

မဇ္ဈိမ (ချင်းမိုင်) ။       ။ ရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည် အခါသမယတွင် ခေါင်းဆောင်ခဲ့သူ သံဃာတော် တပါးဖြစ်သော အရှင်ဂမ္ဘီရသည် ကလေးထောင်တွင်း၌ ငှက်ဖျားဝေဒနာ ခံစားနေရသည်ဟု ထောင်တွင်းမှ ပေးပို့သော စာတွင် ပါရှိသည်။

စစ်ကိုင်းတိုင်း ကလေးမြိုရှိ ထောင်တွင်းမှ သြဂုတ်လ ၃၁ ရက်နေ့ ရက်စွဲဖြင့် ရေးသားပေးပို့ထားခဲ့ပြီး ယခုလမှ စာတိုက် မှတဆင့် ရရှိသည့် ဦးဂမ္ဘီရရေးသားသော စာအတွင်း၌ ငှက်ဖျားဝေဒနာခံစားနေရကြောင်းနှင့် ဆေးမပြတ် မှီဝဲနေရသည်ဟု ပါရှိသည်။

“ခန္တီးထောင်က ပါလာတဲ့ ငှက်ဖျားကြောင့် ခဏခဏ ဖြစ်တယ်။ ဒါကြောင့် ငှက်ဖျားဆေး အင်္ဂလိပ်ဆေး နဲ့ ဗမာဆေးတွေ သောက်နေရတယ်” ဟု စာအတွင်း၌ ရေးသားထားကြောင်း မခင်သူဌေးက မဇ္စျိမကို ဖတ်ပြခဲ့သည်။

ထို့အပြင် ခန္တီးထောင်မှ ကလေးထောင်သို့ ထောင်ေ့ရွှစဉ်က လမ်းတလျှောက် ပါးစပ်အား ပလပ်စတာဖြင့် ပိတ်ပြီး လက်ထိပ် နောက်ပြန်ခတ်၍ ၃ ရက်ကြာ ခေါ်ဆောင်လာသည့် ဒဏ်များလည်း ခံနေရကြောင်း သိရသည်။ စာပါအကြောင်းအရာတချို့ကို ဖျက်ခံထားရသည်ဟုလည်း သိရသည်။

အရှင်ဂမ္ဘီရသည် ပြီးခဲ့သည့်နှစ်အတွင်းက အင်းစိန်ထောင်တွင်း အကျဉ်းကျခံရစဉ် ဦးနှောက်နှင့် အာရုံ ကြောရောဂါ ခံစားခဲ့ရသဖြင့် ထောင်တွင်း ဆေးရုံတက်ခဲ့ရသေးသည်။

ဦးဂမ္ဘီရအား ၂၀၀၇ ခုနှစ် သံဃာ့တော်များ ဦးဆောင်သော မေတ္တာသုတ်ရွတ် စီတန်းလမ်းလျောက်မှုတွင် ဦးဆောင် ပါဝင်ခဲ့မှုဖြင့် သာသနာကို ညှိုးနွမ်းစေမှုနှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို နှောက်ယှက်မှုတို့ အပါအဝင် ထောင်ဒဏ် ၆၃ နှစ် ကျခံနေရသည်။

အာဏာပိုင်များ ဖမ်းဆီးနေသဖြင့် တိမ်းရှောင် နေစဉ် ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့က  မန္တလေးတိုင်း စဥ့်ကိုင်မြို့၌ ဖမ်းဆီးခံခဲ့ရသည်။

စစ်အစိုးရက အကျဉ်းသားများ ရ၁၁၄ ဦးကို လွတ်ငြိမ်ချမ်းသာခွင့်ဖြင့် လွှတ်ပေးရာ ယမန်နေ့ထိ နိုင်ငံရေး အကျဉ်းသား ၁၂၇ ဦး ပါဝင်သည်ဟု ထိုင်း-မြန်မာနယ်စပ် အခြေစိုက် အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က ထုတ်ပြန်ထားသည်။

သို့သော် ပြီးခဲ့သည့် သြဂုတ်လ၊ စက်တင်လာလ အတွင်းက စစ်အစိုးရက နိုင်ငံရေး လှုပ်ရှားသူ ၅၀ ကျော်အား ဖမ်းဆီးခဲ့ရာ ထိုအထဲတွင် သံဃာတော် ၁၄ ပါး ပါဝင်ကြောင်း မြန်မာ့နိုင်ငံရေး အကျဉ်းသားများအကြောင်း အစီရင်ခံစာများ ထုတ်ပြန်လေ့ရှိသည့် AAPP၏  အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောသည်။

မြန်မာနို်င်ငံတဝှမ်း ထောင်များတွင် နိုင်ငံရေး အကျဉ်းသား ၂၂၁၁ ဦးရှိသည်ဟု သြဂုတ်လထုတ် အေအေပီပီ၏ စာရင်းတွင် ပါရှိသည်။