ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်သူများ သီချင်းအတွက် ခွင့်ပြုချက်ယူရမည်

ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်သူများ သီချင်းအတွက် ခွင့်ပြုချက်ယူရမည်
by -
နန်းဒေဝီ
ရုပ်ရှင်၊ ဗီဒီယို ထုတ်လုပ်သူများသည် အသုံးပြုမည့် တေးသီချင်းများကို သက်ဆိုင်ရာ အနုပညာရှင်များ၏ ခွင့်ပြုချက်ဖြင့်သာ သုံးစွဲခွင့် ပေးတော့မည်ဟု မြန်မာနိုင်ငံ ဂီတအစည်းအရုံးက ပြော ...

နယူးဒေလီ (မဇ္စျိမ)။      ။ ရုပ်ရှင်၊ ဗီဒီယို ထုတ်လုပ်သူများသည် အသုံးပြုမည့် တေးသီချင်းများကို သက်ဆိုင်ရာ အနုပညာရှင်များ၏ ခွင့်ပြုချက်ဖြင့်သာ သုံးစွဲခွင့် ပေးတော့မည်ဟု မြန်မာနိုင်ငံ ဂီတအစည်းအရုံးက ပြောသည်။

မြန်မာ့ရုပ်ရှင်၊ ဂီတလောကရှိ အနုပညာရှင်များ မူပိုင်ခွင့်နှင့် ရင်းနှီးကျွမ်းဝင် လာစေရန်နှင့် မည်သည့် အနုပညာ လုပ်ငန်းမဆို တန်ဖိုးထားလာစေရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂီတအစည်းအရုံး တွဲဖက် အထွေထွေ အတွင်းရေးမှူး မောင်သစ်မင်းက ပြောဆိုခြင်း ဖြစ်သည်။

“မူပိုင်ခွင့်ဆိုတာ မြန်မာပြည်နဲ့ သိပ်မရင်းနှီးသေးဘူး။ ရင်းနှီးဖို့၊ ထွန်းကားလာဖို့။ ဒီလိုလုပ်လိုက်တော့ အနုပညာ လုပ်ငန်းပိုင်းဆိုင်ရာ တဦးနဲ့ တဦး တန်ဖိုးထားလာစေဖို့နဲ့ ငွေကြေးအရ သူ မရဘူး၊ ငါ မရဘူးဆိုတာမျိုး အငြင်းပွားမှု မရှိအောင်ပေါ့ဗျာ” ဟု သူက မဇ္စျိမကို ပြောသည်။

ခွင့်ပြုချက်လက်မှတ် တောင်းခံရာ ရုပ်ရှင်၊ ဗီဒီယို ထုတ်လုပ်သူများတွင် အဓိကတာဝန်ရှိပြီး၊ တေးသီချင်း တပုဒ်အတွက် ပေးဆောင်ရမည့် ငွေကြေးကိစ္စများကိုပါ ၎င်းတေးသီချင်း၏ တေးရေး၊ တေးဆို၊ တီးခတ်သူများ၊ အသံဖမ်းသူများနှင့် ကနဦး သဘောတူလက်မှတ် ရရှိထားရန် လိုအပ်မည်။

“တချို့အဆိုတော်တွေက သီချင်းကို အခကြေးငွေ မယူဘူးဆိုတာလည်း ရှိနိုင်တယ်။ ဘာပဲဖြစ်ဖြစ် အရင်ဆုံးတော့ အဲဒီလူတွေရဲ့ ခွင့်ပြုချက် လက်မှတ်စုံပြီးမှပဲ ဂီတအစည်းအရုံးက လက်ခံအတည်ပြုပေးမယ်။ မစုံရင်တော့ စုံတဲ့အထိ ယူခိုင်းတော့ အချိန်ကြာမှာပေါ့။ လက်မှတ်စုံရင်တော့ ဒီနေ့ယူလာရင် နောက်တနေ့ ရမယ်လေ” ဟု မောင်သစ်မင်းက ပြောသည်။

ယခုအစီအစဉ်သည် မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)နှင့် ရုပ်ရှင်လုပ်ငန်းတို့ ပူးတွဲ လုပ်ဆောင်ကြခြင်း ဖြစ်ပြီး၊ ယခုလ ၁၅ ရက်နေ့မှ စတင်ကာ ဂီတအစည်းအရုံးက စတင်လုပ်ဆောင်နေကြောင်း သိရသည်။

မြန်မာ့ဂီတလောကတွင် အကျိုးအမြတ် ရရှိသူများသည် နာမည်ကြီး အဆိုတော်တချို့နှင့် နာမည်ကြီး တီးဝိုင်းတချို့သာဖြစ်ပြီး လူနည်းစုဖြစ်သော်လည်း တေးရေးသူများအနေနှင့် ငွေကြေးရရှိမှု နည်းကြောင်း နာမည်ကြီး တေးရေးနှင့် အဆိုတော် ဆောင်းဦးလှိုင်က မဇ္စျိမကို ပြောသည်။

“နာမည်ကြီးအဆိုတော်က သူ့ရဲ့ သီချင်းတပုဒ်ပေါက်ရင် ရှိုးတိုင်းမှာ ပိုက်ဆံရတယ်။ အနည်းဆုံး ၁၅ သိန်းအထိ ရတယ်။ တီးဝိုင်းသမားတွေကလည်း ရှိုးရှိရင် ရှိသလောက်တော့ ပိုက်ဆံရကြတယ်။ တေးရေးက တခါပဲ ရတယ်” ဟု သူက ပြောသည်။

တေးရေးသူတဦးသည် ရုပ်ရှင်တေးတပုဒ်ကို ကျပ် ၃ သိန်းနှင့် ဗီဒီယို တေးသီချင်းအတွက် ကျပ် ၁ သိန်းအထိသာ ရရှိကြောင်း သိရသည်။

“ကျနော်တို့ တေးရေးသူတွေ ပိုက်ဆံရ နည်းတယ်၊ များတယ် မပြောလိုပါဘူး။ ဒါပေမဲ့ တေးရေးတွေအနေနဲ့ မူလတေးအပ်တဲ့အခါမှာ ပိုက်ဆံ ရပါတယ်။ ရေရှည်မှာ မူပိုင်ခွင့် (copy right) ရှိလာရင်တော့ ဂီတလောက အခြေအနေ ကောင်းလာမှာပါ” ဟု ကိုဆောင်းဦးလှိုင်က ပြောသည်။

ယခုအခါ မြန်မာအာဏာပိုင်များက ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့အခြေစိုက် ကမ္ဘာ့ မူပိုင်ခွင့်ဆိုင်ရာအဖွဲ့ WIPO ၏ စည်းမျဉ်းဥပဒေများကို ကိုးကားထားသည့် ခေတ်နှင့်လျော်ညီသော မူပိုင်ခွင့် ဥပဒေတရပ် ရေးဆွဲနေပြီး ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းကျင့်သုံးနိုင်မည်ဟု ဂီတအစည်းအရုံး အဆိုအရ သိရသည်။

မူပိုင်ခွင့်နှင့် ပတ်သက်၍ ခံစားခွင့်အဖြစ် မန္တလေး FM မှ ပြီးခဲ့သည့် ၂၀၀၈ ခု စက်တင်ဘာလမှ စတင်ကာ တေးသီချင်းတပုဒ်ကို တကြိမ်ထုတ်လွှင့်လျှင် ၁၂၀၀ ကျပ်နှုန်းဖြင့် သီချင်းနှင့် သက်ဆိုင်သည့် တေးရေး၊ တေးဆို၊ တီးခတ်သူနှင့် ထုတ်လုပ်သူတို့အား ပေးနေပြီဖြစ်သည်။

မန္တလေး FM က ပြီးခဲ့သည့်နှစ် စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ထုတ်လွှင့်ခဲ့သည့် သီချင်းများကို အကြိမ် အရေအတွက်အလိုက် စာရင်းဇယားများဖြင့် စုပေါင်း စီမံခန့်ခွဲမှု ကော်မတီ (Collective Management Committee) - CMC သို့ ပေးပို့ကာ ကျသင့်ငွေများကို ပြန်လည် ပေးချေခဲ့ကြောင်းနှင့် ယခုနှစ်အတွက် ၄ လ တကြိမ်နှုန်းဖြင့် ဆက်လက်၍ ပေးချေသွားမည်ဖြစ်ကြောင်း သိရသည်။

စစ်အစိုးရပိုင် ရုပ်မြင်သံကြားလိုင်း တခုဖြစ်သည့် MRTV - 4 ကလည်း ယခုနှစ်အတွင်း ၎င်းတို့၏ ရုပ်သံလိုင်းအတွက် တေးဂီတ ပညာရှင်များကို ထိုက်သင့်သည့် အနုပညာကြေးများဖြင့် ခေါ်ယူအသုံးပြုနေသည်။