နယူးဒေလီ။ ။ နိုင်ငံတဝှန်းရှိ အကျဉ်းသား ရ၁၁၄ ဦးအား လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟူ၍ စစ်အစိုးရ သတင်းဌာနများက ယနေ့ ညပိုင်းတွင် ကြေညာလိုက်သည်။
မြဝတီ ရုပ်မြင်သံကြား အစီအစဉ်မှ မြန်မာစံတော်ချိန် ည ရ နာရီတွင် စတင်ပြသသည့် ကိုရီးယား ဇာတ်လမ်းတွဲ ပြသနေချိန်အတွင်း အောက်ခြေရှိ စာတန်းပြေး နေရာတွင် အကျဉ်းချုံးဖော်ပြခဲ့သလို၊ မြန်မာ့ရုပ်မြင်သံကြား၏ ည ၈ နာရီ သတင်းအစီအစဉ်တွင် ထပ်မံ၍ ထုတ်ဖော်ကြေညာလိုက်ခြင်း ဖြစ်သည်။
''ယင်းတို့၏ မိသားစုများအား ငဲ့ညှာသောအနေဖြင့်လည်းကောင်း၊ ယင်းတို့သည် နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး မိမိအကျိုး၊ ဒေသအကျိုးနှင့် နိုင်ငံတော်အကျိုးကို ထမ်းရွက်သွားနိုင်ကြစေရန် အတွက်လည်းကောင်း ၂၀၀၉ ခုနှစ် စက်တင်ဘာ ၁၇ ရက်နေ့တွင် နိုင်ငံသား အကျဉ်းသား/အကျဉ်းသူ ရ၁၁၄ ဦးတို့အား ယင်းတို့၏ ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်အစိတ်အပိုင်းကို လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်သည်'' ဟူ၍ မြန်မာ့ရုပ်မြင်သံကြား သတင်းအစီအစဉ်တွင် ပါရှိသည်။
အင်းစိန်ထောင် အသိုင်းအဝိုင်းသို့ မေးမြန်းကြည့်ရာ ယခုအချိန်အထိ အကျဉ်းသားများ လွတ်မြောက်လာခြင်း မရှိသော်လည်း မနက်ဖြန်မှ စတင်၍ လွှတ်ပေးဖွယ်ရှိကြောင်း ပြောဆိုကြသည်။
မည်သည့်အကျဉ်းထောင်မှ အကျဉ်းသားဦးရေ မည်မျှလွှတ်ပေးကြောင်း ထုတ်ဖော်ပြောဆိုလေ့ မရှိသည့် စစ်အစိုးရက ယခုတကြိမ်တွင်လည်း အသေးစိတ်ကို ပြောဆိုခြင်း မရှိခဲ့ပါ။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် နိုင်ငံတဝှန်းမှ အကျဉ်းသားပေါင်း ၉၀၀၂ ဦးနှင့် ယခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ၆၃၁၃ ဦး ပြန်လွှတ်ပေးခဲ့သည်။ ထိုအထဲတွင် နိုင်ငံရေး အကျဉ်းသားဟူ၍ အနည်းငယ်သာ ပါဝင်ခဲ့သည်။
ပြီးခဲ့သည် ဇူလိုင်လအတွင်းက ကုလသမဂ္ဂ လုံခြံုရေးကောင်စီတွင် အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် ပြောဆိုသည်ကို မြန်မာကိုယ်စားလှယ် ဦးကျော်တင့်ဆွေက အကျဉ်းသားများကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးမည်ဟု တုံ့ပြန်ပြောဆိုခဲ့သည်။
ကုလဆိုင်ရာ မြန်မာသံအမတ် ဦးသန်းဆွေကလည်း အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟု ဇူလိုင်လ ဒုတိယပတ်အတွင်းက နယူးယောက်တွင် သံတမန်များကို ပြောဆိုခဲ့သည်။
၂၀၀၈ ခုနှစ် စက်တင်ဘာလအတွင်းက လွတ်ငြိမ်းချမ်းသာခွင့်အတွင်း ပြန်လွတ်လာခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးဌာနမှ အဖွဲ့ဝင်တဦးဖြစ်သူ ဦးအုန်းကြိုင်က နိုင်ငံရေး အကျဉ်းသားများ ပြန်လွတ်လာရန် မျှော်လင့်နေကြောင်း ပြောသည်။
သူက ''မျှော်တာပေါ့ဗျာ။ ပါလာရင်တော့ ကောင်းတာပေါ့။ ပါလာမယ် မပါလားဘူးတော့ မပြောတတ်ဘူး။ ကျနော်တို့တုန်းကတော့ လူ ၉၀၀၀ လွှတ်တာ နိုင်ငံရေး အကျဉ်းသား လူ ၃၀ ပါလာတယ်'' ဟု မဇ္စျိမကို ပြောသည်။