ချင်းမိုင်(မဇ္ဈိမ)။ ။ မန္တလေးတိုင်း မြင်းခြံမြို့မှ လှုပ်ရှားတက်ကြွသူ ၅ ဦးအား မန္တလေးတိုင်း အထူးရဲသတင်း တပ်ဖွဲ့က ယခုလ ၁၅ ရက်နေ့ ညပိုင်းတွင် နေအိမ်မှ ဖမ်းဆီးခဲ့သည်ဟု နီးစပ်သူတဦးက ပြောသည်။
အသက် ၃၀ ကျော် အရွယ်များဖြစ်သည့် ဒေါက်တာဝင့်သူ၊ ကိုမျိုးဟန်၊ ကိုစိုးရာဇာဖြူ၊ ကိုအောင်မျိုးလတ်၊ ကိုလှမျိုးကျော် ခေါ် အီးတီနှင့် ဦးကြည်ဝင်းတို့ ဖမ်းဆီးခေါ်ဆောင်ခံရခြင်း ဖြစ်သည်။
“သူတို့ကို တမြန်နေ့ည ၂ ချက်ထိုးလောက်မှာ တိုင်း SB လာဖမ်းသွားတယ်။ ရပ်ကွက်ရုံးကို ခဏဆိုပြီး ခေါ်သွားတယ်လို့ ပြောတာပဲ။ အိမ်မှာပဲ ဝင်ဖမ်းတာ” ဟု ၎င်းတို့နှင့် နီးစပ်သူ ဒေသခံက မဇ္စျိမကို ပြောသည်။
“ဘာကြောင့် ဖမ်းတာကတော့ မသိဘူး။ အခုရက်ပိုင်းလည်း လှုပ်ရှားမှုတော့ သိပ်မရှိဘူး။ ဒါပေမဲ့ အရင်တုန်းကတော့ သူတို့တွေက လှုပ်ရှားမှုတိုင်းမှာ ပါတယ်” ဟု သူက ဆက်ပြောသည်။
၁၅ ရက်နေ့ည အဖမ်းအဆီးတွင် ဒေါက်တာဝင့်သူကို ချက်ချင်း မတွေ့သဖြင့် ယောက္ခဖြစ်သူ ဦးကြည်ဝင်းကို ခေါ်ဆောင်သွားရာ နောက်တနေ့ကျမှ ပြန်လွှတ်ပေးခဲ့သည်။
ဦးကြည်ဝင်းက “ဆရာ (ဒေါက်တာဝင့်သူ) မရှိတော့ ကျနော့်ကို ခေါ်သွားတာ။ ည ၃ နာရီကြီးကနေ နောက်နေ့ ၈ နာရီလောက်မှာ ပြန်လွှတ်ပါတယ်။ ဆရာ လာရှင်းတော့ လွှတ်ပေးလိုက်တာ။ ကျနော့်ကို ဒေါက်တာဝင့်သူ ဘယ်သွားလဲ မေးတယ်။ သူက ခရီးသွားနေတာ မနက်မှ ပြန်ရောက်တာ။ သူက ကျနော်တို့အဖွဲ့တွေ ပါသွားပြီဆိုတာနဲ့ လိုက်စုံစမ်းရင်းနဲ့ SB ရုံးမှာပဲ အဖမ်းခံလိုက်ရတာ။ လိုက်မေးတာ အဖမ်းခံရတာပါ” ဟု မဇ္စျိမကို ပြောသည်။
ဦးကြည်ဝင်းသည် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆွမ်းကပ်လှူပွဲ၊ ဆုတောင်းပွဲ၊ အဖြူရောင်လှုပ်ရှားမှု၊ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ ဖြန့်ဝေခြင်းများ လုပ်ကိုင်ခဲ့သူဖြစ်သည်။
၁၆ ရက်နေ့တွင် အဖမ်းခံရသူများ၏ မိသားစုဝင်များက SB ရုံးသို့ သွားရောက် မေးမြန်းကြရာ မန္တလေးသို့ ခေါ်ဆောင်သွားပြီဟု ပြောကြားခဲ့ကြောင်း သိရသည်။