ထိုင်းနိုင်ငံရှိ မြန်မာ အဖွဲ့အစည်းရုံးများ ဝင်ရောက် စီးနင်းခံရ

ထိုင်းနိုင်ငံရှိ မြန်မာ အဖွဲ့အစည်းရုံးများ ဝင်ရောက် စီးနင်းခံရ
by -
မုံပီး
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ရှိ မြန်မာ အတိုက်အခံ ရုံးခန်းများအတွင်း ထိုင်းရဲများက ရှောင်တခင် ဝင်ရောက်စီးနင်း၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း အတိုက်အခံ အဖွဲ့ဝင်များက ပြော ...

နယူးဒေလီ (မဇ္စျိမ)။     ။ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ရှိ မြန်မာ အတိုက်အခံ ရုံးခန်းများအတွင်း ထိုင်းရဲများက ရှောင်တခင် ဝင်ရောက်စီးနင်း၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း အတိုက်အခံ အဖွဲ့ဝင်များက ပြောသည်။

ထိုင်းရဲများက မြန်မာရုံးခန်းများသို့ လိပ်စာ စာရင်းဖြင့် လာရောက်ကာ ဓာတ်ပုံများ ရိုက်သွားခဲ့သည်ဟု အတိုက်အခံ မြန်မာများက ဆိုသည်။

''ကျနော်တို့ ရုံးမှာတော့ အစောင့်တယောက်ပဲ ရှိတယ်။ ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမဲ့ အစောင့်နဲ့ ရုံးကိုတော့ ဓာတ်ပုံတွေ ရိုက်သွားတယ်'' ဟု ထိုင်းရဲများ လာရောက်ခဲ့သည့် ရုံးခန်းများထဲမှ ရုံးတရုံးရှိ မြန်မာ တက်ကြွလှုပ်ရှားသူ တဦးက မဇ္စျိမကို ပြောသည်။

ယခုလို စစ်ဆေး မေးမြန်းမှုများနှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့ထံ ဆက်သွယ်၍ မရခဲ့ပါ။

မြန်မာ့အရေး လှုပ်ရှားသူတဦးက ''လွန်ခဲ့တဲ့ နှစ်များစွာကတည်းကဆိုရင် ဒါဟာ ပထမဆုံးအကြိမ် ဖြစ်တာပါ။ ကျယ်ကျယ်ပြန့်ပြန့် ရှာဖွေမှုတွေ၊ စုံစမ်း စစ်ဆေးမှုတွေ လုပ်နေတာပါ။ ဒီနောက်ကွယ်မှာ တခုခု ရှိနေမယ်လို့ ကျနော် ယုံတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာအဖွဲ့တွေကို သီးသန့် လာစစ်တာမို့ပါ'' ဟု သူက ပြောသည်။

ယခင်ကလည်း ထိုင်းရဲတပ်ဖွဲ့သည် မြန်မာအဖွဲ့ ရုံးခန်းများသို့ မကြာခဏ ဆိုသလို ဝင်ရောက် စီးနင်းမှုများ ရှိခဲ့သည်။ သို့သော်လည်း ယခုကဲ့သို့ ကျယ်ပြန့်စွာ စစ်ဆေးမှုများ ပြုလုပ်ခြင်း မရှိခဲ့ပါ။

''သူတို့က လိပ်စာတွေနဲ့ လာတာ။ မြန်မာ အဖွဲ့အစည်းတွေနဲ့ သတင်းဌာနတချို့ရဲ့ စာရင်းတွေ သူတို့မှာ ပါလာတယ်'' ဟု လုံခြံရေး အခြေအနေကြောင့် အမည်မဖော်လိုသူ မြန်မာ့အရေး လှုပ်ရှားသူက ပြောသည်။

ဝင်ရောက်စစ်ဆေးခံရသည့် ရုံးများထဲမှ တရုံးဖြစ်သည့် HREIB ခေါ် လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) ၏ ဒါရိုက်တာ ကိုအောင်မျိုးမင်းက လူ့အခွင့်အရေးဆိုုင်ရာ ရုံးခန်းသို့ ယခုလို ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခြင်းသည် အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်ပြီး၊ ရဲများ၏ ဆောင်ရွက်ချက်ကို ရှုတ်ချကြောင်း ပြောသည်။

''လူ့အခွင့်အရေးကိစ္စ လုပ်နေတာကို ရာဇဝတ်မှုတရပ်အနေနဲ့ သတ်မှတ်ပြီး လှုပ်ရှားလို့ရှိရင်တော့ ဒါဟာ လူ့အခွင့်အရေး လှုပ်ရှားသူတွေအပေါ်မှာ ဖိနှိပ်မှုတရပ်လို့ပဲ မြင်ပါတယ်'' ဟု ကိုအောင်မျိုးမင်းက ပြောသည်။

ရွှေ့ပြောင်းလုပ်သား ကူညီစောင့်ရှောက်ရေး အစီအစဉ် (MAP) နှင့် အခြားသော အစိုးရမဟုတ်သည့် အဖွဲ့များ အဆိုအရ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သန်းခန့် ရှိနေပြီး၊ နယ်စပ်တလျှောက်တွင် စခန်း ၉ ခုအတွင်း၌ ဒုက္ခသည်ပေါင်း တသိန်း ၄ သောင်းခန့်ရှိကြောင်း သိရသည်။

Most read this week