ဘက်ပြောင်း ကရင်တပ်မတော် ဗိုလ်ကြီးဟောင်း ခြံုခို တိုက်ခိုက်ခံရ၍ သေဆုံး

ဘက်ပြောင်း ကရင်တပ်မတော် ဗိုလ်ကြီးဟောင်း ခြံုခို တိုက်ခိုက်ခံရ၍ သေဆုံး
by -
ဒွန် တယ်လ်နီဝင်
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ဗိုလ်ကြီးဟောင်း တဦးသည် ၎င်း၏ ယခင် မိခင်တပ်ရင်း၏ ခြံုခို တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့သည်ဟု KNLA သတင်းရပ်ကွက်များက ပြော ...

မဲဆောက် (မဇ္ဈိမ)။     ။ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ဗိုလ်ကြီးဟောင်း တဦးသည် ၎င်း၏ ယခင် မိခင်တပ်ရင်း၏ ခြံုခို တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့သည်ဟု KNLA သတင်းရပ်ကွက်များက ပြောသည်။ အဆိုပါ ဗိုလ်ကြီးဟောင်းသည် စစ်အစိုးရဘက်သို့ ဘက်ပြောင်းသွားခဲ့သူ ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က စစ်အစိုးရ တပ်ဘက်သို့ ကူးပြောင်း ဝင်ရောက်သွားခဲ့သူ ဗိုလ်ကြီးတာဘောသည် KNLA တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း ၂၀၁ ၏ ခြံုခို တိုက်ခိုက်ခံရမှုကြောင့် ယခုလ ၅ ရက်နေ့က သေဆုံးသွားခြင်း ဖြစ်သည်။

KNLA အရာရှိဟောင်း ဖြစ်သူကို ပြီးခဲ့သည့်နှစ်က တရားဝင်အားဖြင့် စစ်အစိုးရက ကေအန်အယ်လ်အေ ခွဲထွက်အဖွဲ့ ဖြစ်သော ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် DKBA နှင့် ပူးတွဲ တိုက်ခိုက်ရန် တာဝန်ပေးထားခဲ့သည်။

မူလ ဗိုလ်ကြီး ရာထူးကိုပင် ဆက်လက် ရရှိထားသော်လည်း KNLA နှင့် မြန်မာစစ်တပ် နှစ်ဖက်စလုံးက သူ၏ ဘက်ပြောင်း ဝင်ရောက်ဝင်မှုကို အရေးပါသည်ဟု မယူဆခဲ့ကြပေ။

ဤသို့ ကူးပြောင်းသွားပြီးနောက် သူ၏ KNLA တပ်ရင်း ၂၀၁ စခန်းဟောင်းဖြစ်သော ဝါးလေခီး စခန်း၏ ခံစစ် နေရာယူထားမှုများကို DKBA နှင့် နအဖ သို့ သတင်းပေးခဲ့သည်။ ထို့နောက် ဤစခန်းကို DKBA နှင့် မြန်မာစစ်တပ် ပူးတွဲတပ်ဖွဲ့ များက ယခုနှစ် အစောပိုင်းတွင် ဝင်ရောက် စီးနင်းသိမ်းပိုက်ခဲ့သည်။

၁၄ ရက်ကြာ အဝိုင်းခံထားရပြီးနောက် KNLA တပ်များက ဝါးလေခီးစခန်းမှ ဧပြီလ ၂၈ ရက်နေ့တွင် ဆုတ်ခွာ ပေးလိုက်သည်။ ထိုတိုက်ပွဲတွင် အများအပြား သေကြေ ဒဏ်ရာရခဲ့သည်။

ဗိုလ်ကြီးဟောင်း တာဘောသည် မြေမြှုပ်မိုင်းများ နင်းမိပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။ သူသည် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သော KNLA က ခြံုခို တိုက်ခိုက်ခံရစဉ်အတွင်း ပထမမိုင်း တလုံးကို နင်းမိပြီးနောက် နောက်ထပ် တလုံးကိုပါ ဆက်တိုက် နင်းမိခဲ့ခြင်း ဖြစ်သည်။KNU သည် စစ်အစိုးရကို နှစ်ပေါင်း ၆၀ ကျော် ဆန့်ကျင်တိုက်ပွဲဝင်နေသည့် သက်တမ်းအရှည်ဆုံး လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။

သေဆုံးခဲ့သူသည် တိုက်ပွဲ ဖြစ်ပွားနေစဉ် စစ်မြေပြင်တွင် သွေးလွန် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု KNLA သတင်းရပ်ကွက်များက ဆိုသည်။ ထို့အပြင် ဤတိုက်ပွဲတွင် အခြား မြန်မာစစ်သား နှစ်ဦးလည်း ဒဏ်ရာရခဲ့ပြီး၊ တဦးမှာ နောက်ပိုင်းတွင် အဆိုပါဒဏ်ရာဖြင့် သေဆုံးသွားသည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲသည် ကရင်ပြည်နယ် ကနဲလေးဒေသတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဝါးလေခီး၊ အုံးဖန်မဲ ဒုက္ခသည်စခန်းနှင့် ထိုင်းနိုင်ငံတောင်ဘက် နယ်စပ်မြို့ မဲဆောက်အကြား တောတောင် ထူထပ်သောနေရာ ဖြစ်သည်။

ယခုလို သေဆုံးသွားသည့်အတွက် မြန်မာစစ်တပ်ကရော၊ DKBA ကပါ ငိုကြွေးကြလိမ့်မည် မဟုတ်ဟု KNLA တပ်မှူး ဗိုလ်မှူးကြီး နဒါးမြက ပြောသည်။ "သူတို့ ဘာမှ ဂရုမစိုက်ပါဘူး'' ဟု သူက ပြောသည်။

''ဒါ နောက်ထပ် ကရင်တယောက် သေတာပဲလေ။ သူတို့မျက်စိထဲမှာ ကျနော်တို့ချင်း တိုက်နေကြတာ ကြည့်လို့ ကောင်းတာပေါ့'' ဟု ဗိုလ်မှူးကြီး နဒါးမြက ပြောသည်။

ယခုအခါ စစ်မြေပြင်တွင် ရှိနေသော ဗိုလ်မှူးကြီး နဒါးမြက ယခင်အပတ်က KNU ဒုဥက္ကဌ ဒေးဗစ်သာကဘော ပြောသွားသော DKBAခေါင်းဆောင်များအတွင်း စိတ်ဝမ်းကွဲပြားမှုများ ဖြစ်နေသည်ဟူသော စကားကို တနင်္လာနေ့က ထောက်ခံပြောကြားခဲ့သည်။

''ဒါမှန်တယ်။ KNU ကို အပြတ် ရှင်းပစ်ပြီးရင် နောက်တခါ သူတို့ အလှည့်ပဲဆိုတာ သူတို့ သဘောပေါက်တယ်။ သူတို့ ပိုပြီး ပါးနပ်ဖို့ လိုတာပေါ့။ သေချာတာပေါ့'' ဟု သူက ပြောသည်။

ဇွန်နှင့် ဇူလိုင်လများအတွင်း KNLA တပ်မဟာ ရ နယ်မြေများ ဆုံးရှုံးခဲ့ရပြီးနောက် တပ်မဟာ ၅ နယ်မြေကို အလျင်အမြန်ပင် ချီတက် သိမ်းပိုက်ကြလိမ့်မည်ဟု KNLA တပ်မှူးများက မျှော်လင့်ထားခဲ့ကြသည်။ သို့သော် သောင်ရင်းမြစ်၏ တဖက်ကမ်း မဲဆရင်းမြို့အနီး KNLA တပ်မဟာ ၅ နယ်မြေကို ယခုထိ ဝင်ရောက်တိုက်ခိုက်ခြင်း မရှိသေးပေ။

တပ်မဟာ ရ သည် KNLA တွင် အင်အားအချိနဲ့ဆုံး တပ်ဖွဲ့ဖြစ်ကြောင်းနှင့် ယခင် ဗိုလ်မှူးချုပ် ထိန်မောင် ခွဲထွက်ပြီး KNU-KNLA ငြိမ်းချမ်းရေး ကောင်စီအဖြစ် ၂၀၀၆ ခုနှစ်တွင် ဖွဲ့စည်း ထူထောင်လိုက်ကတည်းက ချာလပတ် ရမ်းနေခဲ့ခြင်း ဖြစ်သည်ဟု သာကဘောက လွန်ခဲ့သောအပတ်က ပြောသည်။

ငြိမ်းချမ်းရေးကောင်စီပိုင် ကားများမှာ ယခင်က အဖွဲ့နာမည်များ ရေးသားပြီး ရဲတင်းစွာ မဲဆောက်မြို့အတွင်း မောင်းနှင်ခဲ့ကြသော်လည်း ယခုအခါ ထိုင်းအာဏာပိုင်များကို ကြောက်ရွံ့ရ၍ထင်သည်၊ အဖွဲ့အမည်များ ရေးသားထားခြင်း မရှိတော့ဘဲ မောင်းနှင်နေသည်ကိုသာ တွေ့ရသည်ဟု အကဲခတ်အချို့က ပြောသည်။

ယခုနှစ် အစောပိုင်းကလည်း ထိုင်းနိုင်ငံက ကေအန်အယ်လ်အေ တပ်မှူးများနှင့် ကေအန်ယူ ခေါင်းဆောင်ပိုင်းကို ထိုင်းနိုင်ငံတွင် မနေထိုင်ရန် တောင်းဆိုခဲ့သည်။ ယခင်က ထိုင်းစစ်တပ် အရာရှိကြီးများနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိခဲ့သော ဤတိုင်းရင်းသား တပ်မတော်အပေါ် ဖိအားများ တိုးမြှင့် ပေးအပ်လာခဲ့ခြင်း ဖြစ်သည်။

မကြာသေးခင်လများအတွင်း KNLA သည် မြန်မာစစ်တပ်နှင့် DKBA ပူးတွဲတပ်ဖွဲ့များ၏ စစ်ရေးထိုးစစ်များကို ခံခဲ့ရသည်။ ယင်းသည် စစ်အစိုးရက သူတို့ကို အပြတ်ရှင်းရန် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု အချို့သော အကဲခတ်များက ပြောဆိုခဲ့ကြသည်။

မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီများထံမှ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ရရှိကတည်းက KNU က လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ခြင်း ဖြစ်သည်။ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အခွင့်အရေး ပိုမိုရရှိရေးအတွက် စစ်အစိုးရ အဆက်ဆက်ကို လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲခဲ့သည်။