လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့် NLD တောင်းဆို

လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့် NLD တောင်းဆို
by -
မေကျော်
တရားဝင် နိုင်ငံရေးပါတီများကို လွတ်လပ်စွာ စည်းရုံး လှုပ်ရှားခွင့်ပေးရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်ဒီ) က စစ်အစိုးရကို ယမန်နေ့က တောင်းဆို ...

မဇ္စျိမ (ချင်းမိုင်)။     ။ တရားဝင် နိုင်ငံရေးပါတီများကို လွတ်လပ်စွာ စည်းရုံး လှုပ်ရှားခွင့်ပေးရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်ဒီ) က စစ်အစိုးရကို ယမန်နေ့က တောင်းဆိုလိုက်သည်။

“ဒီမိုကရေစီနိုင်ငံ တည်ဆောက်တယ်ဆိုတာ ရွေးကောက်ပွဲ တခုတည်းနဲ့ ပြီးတာ မဟုတ်ဘူးဗျ။ ပြည်သူလူထုက ဒီမိုကရေစီ အယူအဆတွေ ဒီမိုကရေစီ သဘောတရားတွေ ရင့်သန်လာ အောင် ပြည်သူထဲမှာ တကယ် စိမ့်ဝင်လာအောင် စည်းရုံး လုပ်ဆောင်ရမှာ” ဟု အန်အယ်ဒီ ဗဟို သတင်းနှင့် ပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က မဇ္စျိမကိုပြောသည်။

ယခု တောင်းဆိုချက်သည် ၂၀၁၀ ခု ရွေးကောက်ပွဲအတွက် ပြင်ဆင်ခြင်း မဟုတ်သလို ရွေးကောက်ပွဲ ဥပဒေ ထုတ်ပေးရန်လည်း တောင်းဆိုခြင်း မဟုတ်ဟု ဦးအုန်းကြိုင်က ပြောသည်။

၁၉၉၀ ခု ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သည့် အန်အယ်ဒီပါတီကို စစ်အစိုးရက အာဏာလွှဲပြောင်း မပေးသည့်အပြင် ၂၀၀၃ ခုနှစ် မေလမှစ၍ နိုင်ငံတဝှမ်းရှိ အန်အယ်ဒီ မြို့ နယ် ရုံးခွဲ ၃၁၂ ခုမှာ ချိတ်ပိတ်ခံနေဆဲဖြစ်သည်။

ပါတီ အနေဖြင့် ၂၀၀၃ ခုနှစ် ရုံးခွဲများ စတင်ပိတ်သည့် အချိန်မှ စ၍ နှစ်စဉ်နှစ်တိုင်း မြိ့နယ်ရုံးခွဲများ ပြန်လည် ဖွင့်လှစ်ခွင့်ပေးရန် တောင်းဆိုနေသော်လည်း ယခုထက်တိုင် ပြန်ဖွင့် ခွင့် မပေးသေးခြင်း ဖြစ်သည်။

“အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဆိုတဲ့ ဆိုင်းဘုတ်တွေ အောက်က သော့ကို ချိတ်ပိတ်ထားတာ ခင်ဗျ။ ရုံးကို တရားဝင် ချိတ်ပိတ်ထားတယ်။ ကျနော်တို့ အဲဒီ ချိတ်ကို ဖွင့်ခွင့်မရှိဘူး။ သက် ဆိုင်ရာ မဝတတို့ ကလာပြီး ချိတ်ပိတ်သွားတာ။ ကျနော်တို့က ကျနော်တို့ ရုံးခွဲတွေ ဆိုင်းဘုတ် ကို ဖုန်သုတ်လို့တောင် မရပါဘူးခင်ဗျာ” ဟု ဦးအုန်းကြိုင်က ဆိုသည်။

ယခုလ ၄ ရက်နေ့၌လည်း အန်အယ်ဒီ ဥက္ကဌ ဦးအောင်ရွှေက နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူး ကြီး သန်းရွှေထံ စာရေးသား၍  အလားတူ တောင်းဆိုမှုမျိုး ပြုလုပ်ခဲ့သေးသည်။

အန်အယ်ဒီပါတီအား ယင်းသို့ ကန့်သတ်ပိတ်ပင်မှုများ ပြုလုပ်ထားသော်လည်း ရှိပြီးသား နိုင်ငံ ရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ မှတ်ပုံတင်ထားခြင်းမရှိသော အဖွဲ့အစည်းများမှာ မူ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများ ရရှိနေသဖြင့် တရားမျှတမှု မရှိကြောင်း ယမန်နေ့ ထုတ် ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်” လည်း ပြဌာန်းထားခြင်း မရှိသေး သောကြောင့် ယင်းအဖွဲ့များ၏ နိုင်ငံရေးလှုပ်ရှားမှုများသည် တရားမဝင်ကြောင်းလည်း ထုတ် ပြန်ချက်က ဆိုသည်။

တရားဝင် နိုင်ငံရေးပါတီ ၁ဝ ခုက စည်းရုံးလှုပ်ရှားခွင့်များ မရသော်လည်း တရားဝင် မှတ်ပုံတင် ထားခြင်းမရှိသော ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ) တို့မှာမူ နိုင်ငံရေးအရ စည်းရုံးလှုပ်ရှားမှုများ၊ ရုံးဖွင့်လှစ်ဆောင်ရွက်ခွင့်များ ရရှိနေသည်။

Most read this week