ချင်းမိုင်။ ။ ၈ စက်တင်ဘာ ၂၀၀၉ - မူးယစ်ဆေးဝါးမှောင်ခိုသမားများက ဘန်ကောက်မြို့အနီးတဝိုက် တွင် မူးယစ်ဆေးပြား သန်း ၁ဝဝ ခန့် သိုလှောင်ထားသည်ဟု ထိုင်းအရာရှိများက ယူဆနေ ကြသည်။
ထိုသို့ဖြန့်ဖြူးရောင်းချရန် သိုလှောင်ထားသူ မူးယစ်ဆေး မှောင်ခိုသမားပေါင်း တသိန်းခန့်အထိ ရှိနိုင်သည်ဟုလည်း ဘန်ကောက်ရဲအဖွဲ့က အကြီးဆုံး အိုက်စ် (Ice) မူးယစ်ဆေးဝါး ဖမ်းဆီးမှုကြီး ဖြစ်ပွါးအပြီး ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဘန်ကောက် မူးယစ်ဆေးဝါး ထိန်းချုပ်မှုဘုတ်အဖွဲ့ ဒါရိုက်တာ ပရာယုန်ပရီယာဂျစ် (Prayong Preeyajit) က ဘန်ကောက်တွင် ကျင်းပသော ကွန်ဖရင့်တခုတွင် ပြောကြားရာ ၌ မူးယစ်ဆေးဝါးဖြန့်ဖြူးသူနှင့်သုံးစွဲသူပေါင်း ၉ သောင်းမှ တသိန်းထိ သည် ညပိုင်းဖြေဖျော် ရေးနေရာများနှင့် နေအိမ်တိုက်ခန်းများအတွင်း ခိုအောင်းနေနိုင်သည်ဟု ဆိုသည်။ ထို့ပြင် အာဏာပိုင်များ၏ဖြေရှင်းမှုစနစ်သည် ပြဿနာကိုဖြေရှင်းနိုင်စွမ်းမရှိကြောင်းလည်း သူက ဝန်ခံပြောကြားလိုက်သည်။
ဘန်ကောက်မြို့မရဲအဖွဲ့ ဒုတိယတပ်မှူး ရဲဗိုလ်ချုပ် Pongsan Jiamom က မူးယစ်ဆေးပြား သန်း ၁ဝဝ ခန့်သည် လူနေတိုက်ခန်းများဖြစ်သော တိုက်ခန်းများ၊ ကွန်ဒိုမီနီယံများတွင် သိုလှောင်ထားသည်ဟု ပြောသည်။ အရာရှိများက အန္တရာယ်ရှိသော လူ့အသိုင်းအဝိုင်း ၄၄၁ ခုကိုစုံစမ်းစစ်ဆေးနေပြီး မူးယစ်ဆေးသုံးစွဲသူများကို ဆေးဖြတ်စခန်းများ ပြန်လည် ထူထောင်ရေးစခန်းများသို့ပို့ပေးနေသည်ဟုဆိုသည်။
`ထို့ပြင်စိုးရိမ်စရာကောင်းသည်မှာ အိုက်စ် (ခရစ်စတယ်မက်တာအက်ဖီတမင်းဟိုက်ဒြို ကလိုရိုဒ်) များဘန်ကောက်မှာ ပြန်လည်ပျံ့ပွါးလာခြင်းဘဲဖြစ်ပါတယ်။ သုံးစွဲသူအများစုက ချမ်းသာတဲ့သူတွေဖြစ်တာကြောင့် ဖမ်းမိဘို့ခက်တယ်´ ဟု သူကပြောဆိုခဲ့သည်ဟု ထိုင်း နိုင်ငံအမျိုးသားသတင်းဗျူရိုဝက်ဆိုက်တွင် တင်ထားသောသတင်းအရ သိရသည်။
ဘန်ကောက်ရှိ မူးယစ်ဆေးစွဲနေသူ အများစုမှာ ဆယ်ကျော်သက်များဖြစ်ပြီး အဆိုပါ မူးယစ် ဆေးဝါးများမှာ ထိုင်းနိုင်ငံတောင်ဘက်စွန်းရှိ မူဆလင်ခွဲထွက်ရေးသမားများ၏ အကြမ်း ဘက်မှုများရှိနေသည့် နေရာသို့ ပို့ရန်လည်းဖြစ်နိုင်သည်ဟု အာဏာပိုင်များကပြောသည်။
ဘန်ကောက်တွင် ဘတ် ၂၄ သန်း (အမေရိကန်ဒေါ်လာ ရ၃ဝဝဝဝ) တန်ဘိုးရှိ အိုက်စ် ဆေးပြား ၄ ကီလိုဂရမ်ကိုဖမ်းဆီးရမိခဲ့ပြီး ယင်းသည် ၁ဝ နှစ်အတွင်း အကြီးဆုံးဖမ်းဆီးရမိ မှုဖြစ်သည်ဟု တနင်္လာနေ့က ဘန်ကောက်တွင်ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲ၌ မြို့မ ရဲအဖွဲ့အကြီးအကဲWorapong Chiwpreecha ကပြောသည်။
ထိုအမှုတွင် သင်္ကာမကင်းဖြစ်ခံရသူများမှာ အသက် ၂၃ နှစ်ရှိ Suthee Neung Trokchan Saeping၊ အသက် ၂၅ နှစ်ရှိ Sitthichai Chotethewachob၊ အသက် ၂၄ နှစ်ရှိ Dechdamrong Wichien တို့ဖြစ်ကြသည်။ အိုက်စ် ၆ ကီလိုဂရမ်နှင့်အတူ ခရီးသည်တင် ကားနှစ်စီး၊ မိုဘိုင်းဖုံး ၂ လုံးတို့နှင့်အတူ ရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ရဲသတင်းပေးတယောက်၏ သတင်းပေးချက်အရ ရဲတပ်ဖွဲ့က Suthee ကိုတနင်္ဂနွေနေ့ ညနေကဖမ်းဆီးရမိခဲ့သည်။ ကားပစ္စည်းထည့်ခန်းအတွင်း အိုက်စ် ၂ ကီလိုဂရမ်ကိုထည့်ပြီး သူကကားကိုမောင်းလာခဲ့သည်ဟု ရဲကဆိုသည်။ ယင်းမူးယစ်ဆေးဝါးများကို Sitthichai နှင့် Dechdamrong တို့ကC Store ဟွားမတ် ဆိုင်ခွဲ ကားရပ်နားရာနေရာတွင် ထားခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့က Sitthichai နှင့် Dechdamrong တို့ကို Saphansoong ခရိုင်Sammakom ကျေးရွာရှိ ယင်းတို့ငှါးရမ်းထားသောအိမ်ခန်းတွင် ဖမ်းဆီးရမိခဲ့ရာမှ နောက်ထပ် အိုက်စ် ၄ ကီလိုဂရမ်ကိုထပ်မံဖမ်းဆီးရရှိခဲ့သည်။
Sapansoong တဝိုက်တွင် နောက်ထပ် မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ရာ စုစုပေါင်း ၄ ကီလိုဂရမ်ရှိသည်။ ထိုသူများက သူတို့ ၈ လအတွင်း ဤအလုပ်ကို ၆ ကြိမ်တိုင်ကျူးလွန်ခဲ့ ကြောင်းဝန်ခံပြောဆိုခဲ့ကြသည်။ ဤသို့ပြုလုပ်ခဲ့သည့်အတွက် တခေါက်လျှင် ဘတ် ၁ သိန်း မှ ၄ သိန်းအထိ ရရှိခဲ့သည်ဟုဆိုသည်။
အဆိုပါသင်္ကမကင်းခံရသူများသည် စုစုပေါင်း ယာဘဆေးပြား ၄ သိန်းကို မူးယစ်ဆေးဝါး ဖြန့်ဖြူးသူများထံ ပေးပို့ခဲ့ပြီး ထိုသို့ပေးပို့ခဲ့သည့် မူးယစ်ဆေးဝါးများတွင် အိုက်စ် ၄ဝ ကီလိုဂ ရမ်လဲပါသည်။ ထိုအထဲမှ အိုက်စ် ၃၄ ကီလိုကို မူးယစ်ဆေးသုံးစွဲသူများထံ ဖြန့်ဖြူးခဲ့ကြ သည်ဟု မြို့မ ရဲတပ်ဖွဲ့ နယ်မြေ ၄ ဒုတိယအကြီးအကဲ ရဲဗိုလ်မှူးကြီး Manthan Apiawong ကပြောသည်။