လပွတ္တာမြို့တွင် ရေကြီးနေ

လပွတ္တာမြို့တွင် ရေကြီးနေ
by -
မျိုးသိဏ်း
လပွတ္တာမြို့ပေါ်ရှိ ကုန်းတွင်းပိုင်း ရပ်ကွက်အချို့တွင် ရေကြီးနေ၍ ရာနှင့်ချီသော ဒေသခံတို့ ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ နေထိုင်ရကြောင်း ဒေသခံများ အပြောအရ သိရှိရ ...

ရန်ကုန် (မဇ္ဈိမ)။     ။ လပွတ္တာမြို့ပေါ်ရှိ ကုန်းတွင်းပိုင်း ရပ်ကွက်အချို့တွင် ရေကြီးနေ၍ ရာနှင့်ချီသော ဒေသခံတို့ ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ နေထိုင်ရကြောင်း ဒေသခံများ အပြောအရ သိရှိရသည်။

စနေနေ့မှ ဆက်တိုက် ရွာသွန်းခဲ့သော မိုးကြောင့် လပွတ္တာမြို့ပေါ်ရှိ အမှတ်(၂) ရပ်ကွက်၊ အမှတ်(၃) ရပ်ကွက်၊ အမှတ် (၇) ရပ်ကွက် နှင့် အမှတ် (၁၀) ရပ်ကွက်တို့ ယနေ့ နံနက်ပိုင်းတွင် စတင် ရေဖုံးလွှမ်းခဲ့ကြောင်း သိရသည်။

`မနက်မိုးမလင်းခင်ကတည်းက ရေတွေက အိမ်အောက်ကို ရောက်နေပြီ။ မနက် (၉) နာရီလောက်မှာ ရေက အိမ်ပေါ်တွေအထိ ရောက်ကုန်တယ်။ အဲ့ဒီ ရပ်ကွက်တွေက ဘောက်သမား (နေ့စား အလုပ်သမားများ) တွေ အနေများတဲ့ ရပ်ကွက်တွေပါ။ ကျွန်တော် မနက်ကတည်းက ထမင်းထုပ်တွေ လိုက်ဝေနေတာ အခုချိန်အထိပဲ။ အထုပ် (၆၀၀) လောက်ဝေပြီးပြီ။ ဒါတောင် မရသေးတဲ့ နေရာတွေ ရှိနေသေးတယ်။` ဟု လပွတ္တာမြိူ့နေသူ တဦးက ပြောသည်။

ရေဘေးဒုက္ခသည်များမှာ ရပ်ကွက်အတွင်းမှ ခြေတံရှည် အိမ်များနှင့် ကုန်းမြင့်ရာဒေသရှိ ဘုန်းကြီးကျောင်းများ၊ ရပ်ကွက်ရုံးများသို့ ယာယီပြောင်းရွှေ့ နေထိုင်ကြရသည်ဟု ဆိုသည်။

`ဟုတ်ပါတယ်။ ရပ်ကွက်လေးခုရဲ့ နေရာ တော်တော်များများမှာ ရေဖုံးနေပါတယ်။ ကမ်းနားဘက်အခြမ်းတွေက ဘာမှမဖြစ်ပါဘူး။ မြစ်ရေတက်တာ မဟုတ်ဘူး။ မိုးဆက်တိုက် ရွာလိုက်တော့ ကုန်းတွင်းကျတဲ့ ရပ်ကွက်တွေက ရေဆင်းပေါက်မရှိဘဲဲ ရေလျှံသွားတာပါ။ လောလောဆယ် ရေလွတ်တဲ့ ရပ်ကွက်တွေက ဝိုင်းလှူတဲ့ ထမင်းထုတ်တွေ ဝေပေးနေပါတယ်။  ရေကတော့ နည်းနည်း တန့်သွားပြီ ထင်ရပါတယ်။ ရေဆင်းပေါက်တွေ ဖောက်ချဖို့ အခု စလုပ်နေပါပြီ။ အားလုံး ရေဆင်းပေါက် (၆) ပေါက် ဖောက်ချဖို့ လုပ်နေပါပြီ။` ဟု လပွတ္တာမြို့နယ် အမှတ် (၇) ရပ်ကွက်မှ တာဝန်ရှိသူတဦးက မဇ္စျိမသို့ ပြောသည်။

ရေဆင်းပေါက်များကို ညတွင်းခြင်း အပြီး ဖောက်လုပ်မည် ဖြစ်ကြောင်း၊ မိုးဆက်လက် ရွာသွန်းခြင်း မရှိပါက မနက်ဖြန် နေ့လည်ပိုင်းခန့်တွင် ရေကျဆင်းသွားမည်ဟု ထင်ကြောင်း အဆိုပါ ရပ်ကွက် တာဝန်ရှိသူက ဆိုသည်။

မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ နောက်ဆုံး ကြေငြာချက်တွင်- `ယနေ့ (စက်တင်ဘာ-၇) ညနေ (၆း၃ဝ) အချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းမှာ အားကောင်းသော အဆင့်မှ အားအလွန်ကောင်းသော အဆင့်သို့ ရောက်ရှိလာကြောင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း၊ ရွာရန်ရာခိုင်နှုန်းမှာ (၈၀) ဖြစ်ကြောင်း၊ နောက်နှစ်ရက်အထိ မြန်မာ့ပင်လယ်ပြင်တွင်  မုန်သုန်လေအား ကောင်းနေဦးမည် ဖြစ်ကြောင်း` ဟု ထုတ်ပြန်ထားသည်။

Most read this week