ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံကို ရန်ကုန်တိုင်းတရားရုံးက လက်ခံ

ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံကို ရန်ကုန်တိုင်းတရားရုံးက လက်ခံ
by -
မုံပီး
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့သည်ကို အယူခံဝင်ရန်အတွက် သူမ၏ ရှေ့နေများက ရန်ကုန်တိုင်း တရားရုံး ...

နယူးဒေလီ (မဇ္စျိမ)။     ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့သည်ကို အယူခံဝင်ရန်အတွက် သူမ၏ ရှေ့နေများက ရန်ကုန်တိုင်း တရားရုံးထံ ယနေ့ လျှောက်လဲချက်ပေးရာ တရားရုံးက လက်ခံလိုက်ပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့များထဲမှ တဦးဖြစ်သူ ဦးကြည်ဝင်းက သူနှင့် လုပ်ဖော်ကိုင်ဘက် ရှေ့နေများက လျှောက်လဲချက်ပေးပြီးနောက် တိုင်းတရားသူကြီး ဦးမြင့်အောင်က လက်ခံလိုက်ခြင်းဖြစ်သည်ဟု ပြောသည်။

“တရားသူကြီးက စက်တင်ဘာလ ၁၈ နေ့မှာ နှစ်ဖက်ရှေ့နေတွေ လျှောက်လဲချက်ပေးဖို့ ချိန်းဆိုလိုက်တယ်” ဟု ဦးကြည်ဝင်းက ပြောသည်။

အမေရိကန်နိုင်ငံသားတဦးက အင်းယားကန်ကို ရေးကူးကာ နေအိမ်အတွင်း ဝင်ရောက်လာခဲ့သည်ကို လက်ခံခဲ့သဖြင့် အကျယ်ချုပ်စည်းကမ်း ဖောက်ဖျက်သည်ဟုဆိုကာ အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင် တရားရုံးက ပြီးခဲ့သည့်လ ၁၁ ရက်နေ‹တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်အား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့သည်။

သို့သော်လည်း မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တရားရုံး၏ ပြစ်ဒဏ်ကို ထက်ဝက်လျှော့ချကာ နေအိမ်၌ပင် ဆိုင်းငံ့ပြစ်ဒဏ် ကျခံစေရန် ညွှန်ကြားခဲ့သည်။

“၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ စီရင်ချက်ချလို့ မရဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီဥပဒေဟာ အသက်မရှိတော့ဘူးလို့ ကျနော်တို့က လျှောက်လဲတယ်။ ကျနော်တို့ အမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို တရားသေလွှတ်ရမယ်” ဟု ဦးကြည်ဝင်းက ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား ထိုကဲ့သို့ ပြစ်ဒဏ်ချလိုက်သဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ပြစ်တင်ဝေဖန်လိုက်ကြပြီး၊ သူမကို ချက်ချင်း ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ အထွေထွေအတွင်းရေးမှူးဖြစ်ပြီး၊ လွန်ခဲ့သည့် ၁၉ နှစ်အတွင်း ၁၄ နှစ်ခန့် အကျယ်ချုပ်ကျခံခဲ့ရသည်။