တနိူင်ငံလုံး ကြွပ်ကြွပ်အိတ်ကင်းစင်ရန် လုပ်ကိုင်သင့်ဟု FREDA ပြောဆို

တနိူင်ငံလုံး ကြွပ်ကြွပ်အိတ်ကင်းစင်ရန် လုပ်ကိုင်သင့်ဟု FREDA ပြောဆို
သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေသည့် ကြွပ်ကြွပ်အိတ်သုံးစွဲမှု ပပျောက်ရေးကို တနိူင်ငံလုံး လုပ်ဆောင်သင့်ကြောင်း သစ်တောရင်းမြစ် သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုးရေးနှင့် ထိန်းသိမ်းရေးအသင်းတခုက စစ်အစိုးရကို တိုက်တွန်း ...

နယူးဒေလီ။     ။ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေသည့် ကြွပ်ကြွပ်အိတ်သုံးစွဲမှု ပပျောက်ရေးကို တနိူင်ငံလုံး လုပ်ဆောင်သင့်ကြောင်း သစ်တောရင်းမြစ် သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုးရေးနှင့် ထိန်းသိမ်းရေးအသင်းတခုက စစ်အစိုးရကို တိုက်တွန်းလိုက်သည်။

ကြွပ်ကြွပ်အိတ်ကင်းစင်ရန် ပြီးခဲ့သည့်ဇွန်လမှစ၍ မန္တလေးမြို့တွင် ပြုလုပ်နေသကဲ့သို့ တစ်နိူင်ငံလုံး လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြည်တွင်းအခြေစိုက် FREDA (Forest Resource Environment Development and Conservation Association) က အကြံပြုတိုက်တွန်းခြင်း ဖြစ်သည်။

“ကြွပ်ကြွပ်အိတ်တွေက သဘာဝပတ်ဝန်းကျင်အတွက် အရမ်းအန္တရာယ်ကြီးတယ်။ သဘာဝပတ်ဝန်းကျင်ကို အလွန်ထိခိုက်စေတယ်။ ဒါကြောင့် အစိုးရအနေနဲ့ မန္တလေးမှာ လုပ်သလိုမျိုး တနိုင်ငံလုံး အတိုင်းအတာနဲ့ ဒီကြွပ်ကြွပ်အိတ် ပပျောက်ရေးကို လုပ်သင့်ပါတယ်” ဟု FREDA ဒု-ဥက္ကဋ္ဌ ဦးအုန်းက မဇ္စျိမကို ပြောသည်။

ကြွပ်ကြွပ်အိတ်များသည် မြေအောက်တွင် နှစ်ပေါင်းများစွာ မြေသြဇာ မဖြစ်ဘဲ တည်ရှိနေခြင်း၊ သတ္တဝါများက အစာအဖြစ် စားသုံးမိပါက သေကြေခြင်း၊ မိုးရွာသည့်အခါ ရေမြောင်းများ ပိတ်ဆို့ရာမှ ရေလျှံမှုဖြစ်သဖြင့် လမ်းများ၊ အိမ်များ ပျက်စီးခြင်းတို့ကြောင့် သဘာဝ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေကြောင်း FREDA က ဆိုသည်။

သဘာဝပတ်ဝန်းကျင် လုပ်ငန်းများတွင် ပါဝင်လှုပ်ရှားခဲ့ဖူးသူနှင့် ရန်ကုန်အခြေစိုက် မြန်မာဖွ့ံဖြိုးတိုးတက်မှု ဖောင်ဒေးရှင်းအဖွဲ့၏ ဒါရိုက်တာဖြစ်သူ ဒေါ်ယုဇနမော်ထွန်းကလည်း''ကြွပ်ကြွပ်အိတ်ဟာ ရေထဲကိုပစ်ရင် ရေသတ္တဝါတွေကို သေစေနိုင်သလို၊ မြေကြီးထဲမှာလည်း နှစ်ပေါင်းများစွာတောင် မဆွေးမြေ့နိုင်တာကြောင့်  အသုံးပြုပြီးရင် စနစ်တကျ စွန့်ပစ်ဖို့လိုတယ်'' ဟု ပြောသည်။

ကြွပ်ကြွပ်အိတ်သည် ပလတ်စတစ်အိတ် အပျော့စားများကဲ့သို့ Recycle ခေါ် ပြန်လည် အသုံးပြုနိုင်စေရန် ပြောင်းလဲ၍ မရသဖြင့် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေသည်။

မန္တလေးမြို့တော် စည်ပင်က ဇွန်လ ၃ ရက်နေ့တွင် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေသည့် ကြွပ်ကြွပ်အိတ် ကင်းစင်သော မြို့တော်ဖြစ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လက်ဝယ်ရှိ ကြွပ်ကြွပ်အိတ်များကို ဇွန်လ ၂၁ ရက်နေ့ နောက်ဆုံးထား သုံးစွဲရန်နှင့် သတ်မှတ်ရက်ကျော်လွန်ပါက သိမ်းဆည်းသွားမည်ဟု ကြေညာခဲ့သည်။

ထိုသို့ကြေညာခဲ့ပြီးနောက် ကြွပ်ကြွပ်အိတ်သုံးစွဲမှု ကျဆင်းလာကြောင်း ကုန်စုံဆိုင်ပိုင်ရှင် မြို့ခံတဦးက ပြောသည်။

“စည်ပင်က သတင်းစာမှာ ကြေညာပြီးတဲ့နောက် ကြွပ်ကြွပ်အိတ်သုံးတာ တဖြည်းဖြည်း နည်းလာတယ်။ ကြွပ်ကြွပ်အိတ် အစား ပလတ်စတစ်အိတ်အကြည်တွေ အစားထိုးပြီး သုံးလာကြတယ်။ ကျနော်တို့ကတော့ တတ်နိုင်သလောက် ထည့်မပေးဘူး။ မတတ်သာလို့ ထည့်ပေးရရင်တော့ အိတ်အကြည်ကိုပဲ သုံးပါတယ်” ဟု သူက ပြောသည်။

ပလတ်စတစ်အိတ် အကြည်များသည် ကြွပ်ကြွပ်အိတ်နှင့် ပုံစံတူပြီး စျေးနှုန်း အနည်းငယ် ပိုမြင့်သည်။ သို့ရာတွင် ကြွပ်ကြွပ်အိတ်များကဲ့သို့ အပူဒဏ်မခံနိုင်ကြောင်း သိရသည်။

“သုံးရတာ အဆင်မပြေပါဘူး အကိုရာ။ အရင်ကော်ကမှ ခိုင်တာ၊ အခုကော်က မခိုင်ဘူး။ စျေးကြီးတယ်ဗျာ၊ တစ်လုံးသုံးရမယ့်နေရာ နှစ်လုံးသုံးရတယ်။ ပူတဲ့အရည်ထည့်ရင် ဖင်ပွင့်တာ၊ ကွဲတာမျိုးတွေ ရှိတယ်” ဟု ပလတ်စတစ် အိတ်ပါးအရောင်းဆိုင်တခုမှ အရောင်းတာဝန်ခံက မဇ္စျိမကို ပြောသည်။

မန္တလေးတွင် ကြွပ်ကြွပ်အိတ် မသုံးရန် ပိတ်ပင်သော်လည်း မြို့တော်ဟောင်း ရန်ကုန်တွင် စူပါမားကက်များ၊ ရပ်ကွက်စျေးဆိုင်များတွင် နေ့စဉ်နှင့်အမျှ တွင်ကျယ်စွာ အသုံးပြုလျက်ရှိသေးသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ထုတ်ပြန်ချက်အရ ရန်ကုန်မြို့၏ တနေ့တာ ကြွပ်ကြွပ်အိတ် စွန့်ပစ်မှုသည် တန် ၂၀၀ ခန့်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် မိုးရာသီများတွင် ရန်ကုန်ရှိ နေရာအများအပြား၌ မြောင်းများပိတ်ဆို့ကုန်သဖြင့် ခရီးသွားလာရေး အခက်အခဲများနှင့် ကြံုတွေ့ခဲ့ကြရသည်။

ရန်ကုန်မြို့တော်ဝန်က ကြွပ်ကြွပ်အိတ်ထုတ်လုပ်သည့် လုပ်ငန်းရှင်များအား လုပ်ငန်းပြောင်းလဲရန် အချိန်သတ်မှတ်ပြီးလျှင် ရန်ကုန်တွင်လည်း ကြွပ်ကြွပ်အိတ် အိတ်သုံးစွဲမှုကို တားမြစ််သွားမည်ဟု ရန်ကုန်ရှိ သတင်းဌာနများကို မကြာသေးခင်က ပြောဆိုခဲ့သည်။

“တားမြစ်တယ်ဆိုတဲ့နေရာမှာ အချိန်လိုတယ်။ ကြွ့ပ်ကြွပ်အိတ် အစားထိုးပေးရမယ့် အိတ်တွေရှိဖို့ လိုတယ်။ ဒါကို အစိုးရက လုပ်သလို၊ ပြည်သူကလည်းပါမှ ပညာရှင်တွေ အဖွဲ့အစည်း အားလုံးပါပြီး လုပ်ရမှာ ဖြစ်တယ်။ အစိုးရကလည်း ဦးဆောင်ရမယ်။ ကျနော်တို့လို အန်ဂျီအိုတွေကလည်း ပညာပေးရမယ်။ ဌာနဆိုင်ရာ အသီးသီးက လုပ်ရမယ်။ တက္ကသိုလ်တွေက လုပ်ရမယ်။ နောက် သုတေသန ပညာရှင်တွေကလည်း ဒါတွေကို လုပ်နေရမယ်” ဟု FREDA ဒုဥက္ကဋ္ဌ ဦးအုန်းက ပြောသည်။