ကိုးကန့် စစ်ပြေး ၆ ထောင်ခန့် နေရပ်ပြန်

ကိုးကန့် စစ်ပြေး ၆ ထောင်ခန့် နေရပ်ပြန်
by -
မေကျော်
စစ်အစိုးရ တပ်များနှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် ကိုးကန့်တပ်ဖွဲ့တို့  ဖြစ်ပွားသော စစ်ကြောင့် တရုတ်နိုင်ငံဘက် ထွက်ပြေးရသူ ကိုးကန့် စစ်ပြေးဒုက္ခသည် ၆ ထောင်နီးပါး နေရပ်ပြန် ...

ချင်းမို်င် (မဇ္ဈိမ)။     ။ စစ်အစိုးရ တပ်များနှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် ကိုးကန့်တပ်ဖွဲ့တို့  ဖြစ်ပွားသော စစ်ကြောင့် တရုတ်နိုင်ငံဘက် ထွက်ပြေးရသူ ကိုးကန့် စစ်ပြေးဒုက္ခသည် ၆ ထောင်နီးပါး နေရပ်ပြန်လာပြီ ဖြစ်သည်။

ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင် အခြေစိုက် အထူးဒေသ ၁ အဖွဲ့အပေါ် ထိုးစစ်ကြောင့် ကိုးကန့်ဒေသခံ ၃ သောင်းခန့် အိမ်နီးချင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲသို့ ထွက်ပြေးခဲ့ပြီးနောက် အချို့က အရဲစွန့်ပြန်လာကြခြင်း ဖြစ်သည်။

စစ်ပြေးဒုက္ခသည်များ ရန်လုံကျိုင်းနှင့် ချင်းရွှေဟော် နယ်စပ်ဂိတ်များမှတဆင့် ကိုးကန့်မြို့တော် လောက်ကိုင်သို့ ၅၈၁၁ ဦး ပြန်လည်ဝင်ရောက်လာကြောင်း ယနေ့ထုတ် စစ်အစိုးရအာဘော် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာက ရေးသားထားသည်။

ဒုက္ခသည် တချို့တဝက်သာ နေရပ်တွင် ကျန်ရှိသည့် အိုးအိမ်၊ လုပ်ငန်းတို့ အခြေအနေကို ကြည့်ရှုရန် ပြန်ဝင်ခြင်း ဖြစ်ကြောင်းနှင့် လုံခြံုရေး စိုးရိမ်မှုကမူ ရှိနေဆဲဖြစ်ကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေး နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။

“အများစုက အိမ်ပြန်ဖို့ ကြောက်ပါတယ်။ အခုကတော့ တရွာကို ၄ ယောက်၊ ၅ ယောက် ရွာကိုပြန်ပြီး သွားကြည့်ကြတဲ့ သဘောပဲ” ဟု သူက ပြောသည်။

"လောလောဆယ်တော့ ဆုံးရှုံးမှုတွေကတော့ များပါတယ်။ မရှိဘူးဆို အိမ်တွေ အဖောက်ခံရတယ်။ အဖျက်ခံရတယ်။ စစ်တပ်ကလည်း အများကြီး ရှိတာကိုး။ ကိုးကန့်တပ်တွေကလည်း ဆုတ်သွားတယ်ဆိုတဲ့ အခါရောက်တော့ လုယက်တယ်ဆိုတဲ့ ကိစ္စက ဖြစ်နေမှာပါ“ ဟု သူက ထပ်ပြောသည်။

ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်၏ အိမ်ကို ဝင်ရောက်ရှာဖွေရာမှ အစပြုသည့် တင်းမာမှုသည် သြဂုတ်လ ၂၇ မှစတင်ကာ နှစ်ရက်ကြာတိုက်ပွဲ ဖြစ်ပွားခဲ့သဖြင့် လုံခြံုရေးတပ်ဖွဲ့ဝင် ၂၆ ဦး သေဆုံးပြီး ၄၇ ဦး ဒဏ်ရာရခဲ့သည်ဟု စစ်အစိုးရက ပြောသည်။

ကိုးကန့်ဘက်က အပြောအရ စစ်ပွဲကြောင့် အရပ်သားများအပါအဝင် လူ ၂၀၀ နီးပါး သေဆုံးခဲ့သည်ဟု ဆိုသည်။

Most read this week