မဇ္စျိမ (ချင်းမိုင်) ။ ။ ဝယ်လိုအားလျော့နည်းနေခြင်းနှင့် အထွက်နှုန်းပိုလာသည့်အတွက် ကုလားပဲစျေးနှုန်း စျေးကွက်တွင် သိသာစွာ ကျဆင်းလျက်ရှိသည်။
ရန်ကုန် ကုလားပဲစျေးကွက်တွင် ယခုလလယ်ခန့်က တတင်းလျှင် ၁၈၅၀၀ ကျပ်မှ ယခုအခါ ၁၇၅၀၀ ကျပ်သို့ ကျဆင်းသွားသည်။ ယခုအချိန်ကာလသည် နှစ်စဉ် ပဲအဝယ်လိုက်လေ့ရှိသော်လည်း ယခုနှစ်တွင် တမူထူးခြားစွာပင် ပြည်ပဝယ်လိုအား ကျဆင်းနေသည်ဟု ပဲရောင်းဝယ်ရေး ကုန်သည်ကြီးများက ပြောသည်။
“ဒီနှစ်က နိုင်ငံခြားက အဆွဲနည်းတာပေါ့နော။ ခါတိုင်းနှစ်တွေဆိုရင် အလုံးရော၊ အခြမ်းရောပါ သွားတာ။ ဘာဖြစ်လို့လဲဆိုတော့ ကုလားဥပုသ်လလေ။ ဒီနှစ်ကလည်း ကျနော်တို့ဆီမှာကလည်း ကုလားပဲက အထွက်ကောင်းသွားတာလည်း ပါတာပေါ့” ဟု လက္ကားပဲကုန်သည်ကြီးတဦးက မဇ္စျိမကို ပြောသည်။
ပြည်တွင်းစျေးကွက်တွင်လည်း အရောင်းကျသဖြင့် ပဲစျေးများ ကျဆင်းသွားခြင်းဖြစ်ကြောင်း ပြည်မြို့ ပဲမျိုးစုံ ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်တဦးက ပြောသည်။
“အဲဒါဘာဖြစ်လို့လဲဆိုတော့ ပဲခွဲအား လျော့သွားတာ။ နောက်တခုက ခါတိုင်းနှစ်တွေက Export သမားတွေက အဝယ်အပြု ရှိတာကိုး။ ဒီနှစ်က Exportသမား အဝယ်အပြုရှိမှ မရှိတာကိုး။ နောက်တချက်က ရန်ကုန်မှာကို တော်တော်အရောင်းအဝယ်ပါးတာဗျ” ဟု သူက မဇ္စျိမကို ပြောသည်။
ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရန် လဆိုင်းဖြင့် ဝယ်ယူ၍ သိုလှောင်ထားသော ပြည်မြို့ရှိ ပဲကုန်သည်ကြီးများမှာလည်း အရှုံးနှင့် ရင်ဆိုင်နေရလျက်ရှိကြောင်း သူက ဆက်ပြောသည်။
“ငွေဆိုင်းတွေနဲ့ ဝယ်တဲ့ဟာတွေပေါ့။ ဘယ်နှလကြာရင် ဘယ်စျေးဘယ်လောက်ဆိုတဲ့ ဟာတွေက ငွေချေရတော့မှာကိုး။ အခုဥစ္စာ ငွေချေရမယ်ဆိုတော့ ပေါက်စျေးနဲ့ပဲ ပြန်ရောင်းပြီးတော့ အပိုငွေပြန်စိုက်ပြီးတော့ ရှင်းပေါ့။ အဲဒီလမ်းပဲ ရှိတော့တာကိုး” ဟု သူက မဇ္စျိမကို ပြောသည်။
ပြည်စျေးကွက်သို့ အဓိကတင်ပို့နေကြသော မကွေး၊ အောင်လံ၊ မင်းတုန်းနှင့် ဆင်ပေါင်ဝဲ မြို့နယ်များမှ တောင်သူများသည် ယခုစျေးထက် ထပ်မံလျော့ကျလာပါက လာမည့်ဆောင်းရာသီ ကုလားပဲ စိုက်ချိန်များတွင် အခြားအစားထိုးသီးနှံများကို စိုက်ပျိုးလာနိုင်သည်ဟု သိရသည်။
နှစ်စဉ် သြဂုတ်လ ၂၀ ရက်နေ့မှ စက်တင်ဘာလ ၂၀ ရက်နေ့ထိ ပြုလုပ်သော အစ္စလာမ်ဘာသာဝင်များ၏ ဥပုသ်လတွင် ပြည်ပနိုင်ငံမှ ကုလားပဲအဝယ်ပိုလိုက်ပြီး ကုန်သည်ကြီးများအနေဖြင့် အချိန်ကိုက် ရောင်းနိုင်ရန် သိုလှောင်ထားကြလေ့ ရှိသည်။ ဥပုသ်လတွင် အဓိကအားဖြင့် အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် အရှေ့အလယ်ပိုင်းနိုင်ငံများက အဝယ်လိုက်လေ့ရှိသည်။