အယူခံဝင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ တွေ့ဆုံ

အယူခံဝင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ တွေ့ဆုံ
by -
မြင့်မောင်
ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံအတွက် သူမ၏ ရှေ့နေများနှင့် ယနေ့အပြီးသတ် ဆွေးနွေးခဲ့ကြသည်။ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံထားရသည့် နေအိမ်သို့ ယနေ့ နေ့လည်ပိုင်း ...

နယူးဒေလီ (မဇ္စျိမ)။     ။ ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံအတွက် သူမ၏ ရှေ့နေများနှင့် ယနေ့အပြီးသတ် ဆွေးနွေးခဲ့ကြသည်။

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံထားရသည့် နေအိမ်သို့ ယနေ့ နေ့လည်ပိုင်းတွင် ရှေ့နေ ၄ ဦးဖြစ်သည့် ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်း၊ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဋ္ဌေးကြွယ်တို့ သွားရောက်ကာ ၂ နာရီကြာမျှ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

“အယူခံကိစ္စကို အပြီးသတ် ဆွေးနွေးခဲ့ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ ထပ်ဖြည့်ချင်တဲ့ အချက်တွေကို ထပ်ဖြည့်ပါတယ်” ဟု ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။

ယခုလ ၂၅ ရက်နေ့တွင် စာမျက်နှာ ရ မျက်နှာပါ အယူခံစာမူကြမ်းကို ပြသခဲ့ရာ ထိုအထဲမှ ပြင်ဆင်လိုသည့် အချက် ၃ ချက်ခန့်အား ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားပြသခဲ့ကြောင်း သူက ဆိုသည်။

အယူခံကို အချောသတ်ကာ လာမည့်တပတ်အတွင်း ရန်ကုန်တိုင်း တရားရုံးသို့ တင်သွင်းသွားကြမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အကျဉ်းထောင်မှ နေအိမ်သို့ ပြန်လည်ရောက်ရှိပြီးနောက် သူမ၏ ရှေ့နေများနှင့်  ဒုတိယကြိမ်မြောက် ယခုလို တွေ့ဆုံနိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုနှစ် မေလဆန်းက အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တောဆိုသူသည် အင်းယားကန်အတွင်း ရေကူး၍ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံရာ နေအိမ်အတွင်း ဝင်ရောက်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၊  သူမနှင့် အတူနေထိုင်သူ ဒေါ်ခင်ခင်ဝင်းနှင့် သမီး မဝင်းမမတို့ကို အင်းစိန်ထောင်သို့ ခေါ်ယူထိန်းသိမ်းကာ နေအိမ်အကျယ်ချုပ် စည်းကမ်းဖောက်ဖျက်မှုဖြင့် စတင်၍ တရားစွဲဆိုခဲ့သည်။

ယခုလ ၁၁ ရက်နေ့တွင် ထောင်တွင်း တရားခွင်က ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ သို့သော် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ညွှန်ကြားချက်အရ ထောင်ဒဏ်ကို ထက်ဝက်လျှော့ချကာ ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ကန့်သတ်စည်းကမ်းများဖြင့် နေအိမ်သို့ ပြန်လည်ပို့ဆောင်ကာ ဆက်လက်ထိန်းသိမ်းခဲ့သည်။

ကန့်သတ်စည်းကမ်းနှင့် ပတ်သက်ပြီး ရှေ့နေ ဦးဉာဏ်ဝင်းက “အရင် ၁၀ ခ နဲ့ နေတုန်းက မိသားစုစာတွေ ဖတ်ခွင့် ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သူမရဲ့ ဆရာဝန်နဲ့ ပုံမှန် ကျန်းမာရေး စစ်ဆေးပေးခွင့် ရတယ်။ ဒေါက်တာ တင်မျိုးဝင်းနဲ့ တလတကြိမ် ဆေးစစ်ခွင့် ရှိတယ်။ အခု အဲဒီ ဆရာဝန်ကို ခေါ်ခွင့်မရဘူး ဖြစ်နေတယ်။ အဲဒါကိုက အောင်ဆန်းစုကြည်အပေါ် တင်းကျပ်တဲ့ သဘောထား ရှိနေတယ်။ တင်းကျပ်တဲ့ အခြေအနေ ဖန်တီးနေတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ နိုင်ငံရေး လုပ်ဖော်ကိုင်ဘက် နှစ်ဦးသည် ကျန်းမာရေး အခြေအနေ ကောင်းမွန်နေကြောင်း သူက ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အမှုတွင် အဓိက ပြစ်မှုကျူးလွန်ခဲ့သည့် ဂျွန်ယက်တောသည် ထောင်တွင်း တရားခွင်က အလုပ်ကြမ်းနှင့် ထောင်ဒဏ် ရ နှစ် ချမှတ်ခဲ့သော်လည်း စစ်အစိုးရက နေရပ်ရင်းနိုင်ငံသို့ ပြန်ပို့ခဲ့ပြီး ဖြစ်သည်။

Most read this week