မဇ္စျိမ (ချင်းမိုင်)။ ။ ဂျပန်သို့ လျို့ဝှက်စွာ သွားရောက် လည်ပတ်ခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးကို မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားသူများက တည်းခိုနေရာ ဟိုတယ်ရှေ့တွင် ယနေ့ နံနက်က ခွပ်ဒေါင်းအလံ လွှင့်တင်ကာ ဆန္ဒပြခဲ့ကြသည်။
ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ The New Otani ဟိုတယ်ရှေ့တွင် နံနက် ၅ နာရီခန့်က ခွပ်ဒေါင်းအလံ လွှင့်တင်လိုက်ရာ တရုတ်၊ ဂျပန်၊ မြန်မာ၊ ထိုင်း အလံများနှင့်အတူ ယှဉ်လျက် ခေတ္တ ဖြစ်သွားခဲ့သည်။
“ကျနော်တို့က မနက် ၅ နာရီလောက်က သွားတင်တာဆိုတော့ လုံခြုံရေးတွေ သတိမထားမိဘူး ခင်ဗျာ။ မနက် ၁၀ နာရီလောက်မှာ သတိထားမိပြီး ဖြုတ်ချလိုက်တယ် ခင်ဗျာ။ ဒါပေမဲ့ ကျနော်တို့ လွင့်တင်နိုင်ခဲ့တယ် ခင်ဗျာ။ အခု အဲဒီကိစ္စကို အသည်းအသန် လိုက်နေတယ် ခင်ဗျာ” ဟု သူက မဇ္စျိမသို့ ပြောကာ သည်။ ယခုအချိန်ထိတော့ ဆန္ဒပြမှုကြောင့် ဖမ်းဆီးခံရသူ မရှိသေးကြောင်း သိရသည်။
“ဒီလိုလုပ်ရခြင်းက နအဖအစိုးရကို ဒါ ခြိမ်းခြောက် လိုက်တယ်။ အရှက်ခွဲလိုက်တယ်။ နိုင်ငံရေးအရ ဂုဏ်သိက္ခာ ကျဆင်းသွားစေအောင် လူ့အခွင့်အရေးတွေ ချိူးဖောက်နေတာကို သတိပေးလိုက်တယ် ဆိုတဲ့သဘောနဲ့ လုပ်တဲ့သဘောပါပဲ” ဟု သူက ဆက်ပြောသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးလည်းဖြစ်သူ ဗိုလ်ချုပ်ဌေးဦး သို့မဟုတ် ဦးဌေးဦးသည် ဂျပန်နိုင်ငံသို့ ယခုလ ၂၀ ရက်နေ့က ရောက်ရှိနေခြင်း ဖြစ်သည်။ သူ၏ ခရီးစဉ်ကို လျို့ဝှက်ထားသော်လည်း မဇ္ဈိမက ကြိုတင်ဖွင့်ချနိုင်ခဲ့သည်။
နာမည်ဆိုးဖြင့် ကျော်ကြားသော စစ်အစိုးရ ထူထောင်ထားသည့် ကြံ့ဖွံ့အဖွဲ့ ခေါင်းဆောင်ကို လက်ခံမှုကြောင့် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန ရုံးရှေ့တွင်လည်း ဒီမိုကရေစီ လိုလားသူ မြန်မာအတိုက်အခံ ၈၀ ဦးခန့်က ယနေ့ ဆန္ဒပြကြသည်။ ဆန္ဒပြသူများက ဒေါ်အောင်ဆန်းစုကြည်ကို အမြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။
လူထုအကျိုးပြု လုပ်ငန်းများ လုပ်ဆောင်ရန်ဆိုသော ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထာသော ကြံ့ဖွံ အသင်းဝင်များကို စစ်အစိုးရက အသုံးချကာ အတိုက်အခံများကို ရိုက်နှက်စေခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် နာမည်ပျက်ထွက်ခဲ့သည်။
၂၀၀၇ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သော သံဃာတော်များ ဦးဆောင်သည့် မေတ္တာသုတ်ရွတ်ဆိုကာ ငြိမ်းချမ်းစွာ စီတန်း လမ်းလျောက်ကာ အစိုးရကို ဆန့်ကျင်ဆန္ဒပြသူများကို ရိုက်နှက်ဖမ်းဆီးခြင်းနှင့် ၂၀၀၃ ခုနှစ် မေလအတွင်းက ဒီပဲယင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များကို ခြံုခို တိုက်ခိုက်ခဲ့မှုများတွင် ကြံ့ဖွံ့ အသင်းဝင်များ ပါဝင်ခဲ့သည်။
ကြံ့ဖွံ့အဖွဲ့၏ နာယကမှာ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖြစ်သည်။