မလေးရှားမှာ တရက်အတွင်း လူ ၅၇၀ နီးပါး A (H1N1) ကူးစက်ခံရ

မလေးရှားမှာ တရက်အတွင်း လူ ၅၇၀ နီးပါး A (H1N1) ကူးစက်ခံရ
by -
ကျော်သိင်္ခ
အရှေ့တောင်အာရှနိုင်ငံ တနိုင်ငံဖြစ်သည့် မလေးရှားတွင် ယမန်နေ့ တရက်ထဲ၌ပင် လူတုပ်ကွေး ကပ်ရောဂါ A (H1N1)ကူးစက်ခံရသူ ၅၆၉ ဦး ရှိခဲ့ကြောင်း မလေးရှားနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန် ...

ဖန်င (မဇ္စျိမ)။     ။ အရှေ့တောင်အာရှနိုင်ငံ တနိုင်ငံဖြစ်သည့် မလေးရှားတွင် ယမန်နေ့ တရက်ထဲ၌ပင် လူတုပ်ကွေး ကပ်ရောဂါ A (H1N1)ကူးစက်ခံရသူ ၅၆၉ ဦး ရှိခဲ့ကြောင်း မလေးရှားနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။

A (H1N1) ကူးစက်ခံရသူပေါင်း ၄၂၂၅ ဦးအနက် သေဆုံးသူ ၆၂ ဦး ရှိခဲ့သဖြင့် စိုးရိမ်ဖွယ်ရာ အခြေအနေ ရောက်ရှိနေသည့် မလေးရှားတွင် ယမန်နေ့ တရက်ထဲအတွင်း လူပေါင်း ၅၇၀ နီးပါး ထပ်မံ၍ ထိုကဲ့သို့ ကူးစက်ခံလိုက်ရခြင်း ဖြစ်သည်။

လက်ရှိ အခြေအနေနှင့် ပတ်သက်၍ အစိုးရအနေဖြင့် ရောဂါဖြစ်ပွားမှုကို တားဆီးနိုင်ရန် ကြိုးပမ်းနေရကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီး Datuk Seri Liow Tiong Lai က ကွာလာလမ်ပူမှာ ယမန်နေ့က ပြုလုပ်သည့် H1N1 ကာကွယ်တားဆီးရေး ဆွေးနွေးပွဲအပြီး သတင်းထောက်များကို ထုတ်ဖော်ပြောဆိုခဲ့သည်။

“အခုလို အခြေအနေအရ H1N1 ကူးစက်မှုနှုန်းက ယနေ့အထိ မြင့်တက်နေဆဲပဲလို့ ပြောလို့ရပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ H1N1စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို ပြည်တွင်းထဲက ရောဂါပြန့်ပွားမှုရှိတဲ့နေရာတွေကို စေလွှတ်ပြီး ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးဖို့ ကြိုးစားနေပါတယ်” ဟု ဝန်ကြီးက ပြောဆိုခဲ့သည်။

မလေးရှားနိုင်ငံ တရားမဝင် နိုင်ငံခြားသား ထိန်းသိမ်းရေးစခန်း ၁၃ ခုထဲမှ တခုဖြစ်သည့် ကေအယ်အိုင်အေ စခန်း၌လည်း ယခုလ ၄ ရက်နေ့က ၃၅ နှစ်အရွယ်ရှိ တွန်ဂိုနိုင်ငံသားတဦး သေဆုံးခဲ့သည်။

မလေး လူဝင်မှုကြီးကြပ်ရေးဌာနက ကေအယ်အိုင်အေ၌ A (H1N1) ကူးစက်ခံရသူ ၉ ဦး ရှိသွားပြီဖြစ်ကြောင်း သြဂုတ်လ ၈ ရက်နေ့က ကြေညာခဲ့သေးသည်။

ကေအယ်အိုင်အေမှ မြန်မာအကျဉ်းသား ကိုဇော်စိုးက “ဟုတ်ကဲ့၊ ဒီထောင်ထဲမှာ H1N1 ကူးစက်ခံရတဲ့ လူကတော့ ၉ ယောက် ရှိသွားပါပြီ။ ၉ ယောက်မှာ မြန်မာ ၄ ယောက်ပေါ့။ အဲဒီလူတွေကိုတော့ ဘယ်အဆောင်မှာ ထားလဲတော့ မသိဘူး” ဟု မဇ္စျိမကို ပြောသည်။

ယခုအခါ ထိုအကျဉ်းစခန်းမှ အကျဉ်းသားများ၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက် မလေးရှားအခြေစိုက် အင်ဂျီအို အဖွဲ့တခုဖြစ်သော ACTS က သွားရောက်ပြီး ကျန်းမာရေး ဆေးစစ်စောင့်ရှာက်မှုများ ပြုလုပ်နေသည်။

မလေးရှားရှိ မြန်မာရွှေ့ပြောင်း အလုပ်သမား၏ A (H1N1) ကာကွယ် တားဆီးရေးနှင့် ပတ်သက်၍ ကွာလာလမ်ပူရှိ ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး - UNHCR ၏ ကျန်းမာရေးစောင့်ရှောက်မှု သင်တန်းမှ ကျန်းမာရေးလုပ်သား ကိုသန်းမင်းလွင်က မြန်မာအပါအဝင် နိုင်ငံခြားသား ဒုက္ခသည်များနှင့် အထိန်းသိမ်းခံ အကျဉ်းသားများအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးရန် အခက်အခဲရှိကြောင်း ပြောသည်။

သူက “ဌာနေနိုင်ငံသားတွေအနေနဲ့ကတော့ သူတို့ အစိုးရတွေဆီက ကျန်းမာရေးစောင့်ရှောက်မှုတွေ ရရှိမယ်။ အခက်အခဲတွေ့မယ့် လူတွေကတော့ ဒီ ဒုက္ခသည်တွေနဲ့ နိုင်ငံခြားသားတွေပေါ့။ အဲဒီအတွက် UNHCR ကလည်း တိုင်းရင်းသား အဖွဲ့အစည်းတွေက ကျန်းမာရေး လုပ်သားတွေကို ရက်တို ကျန်းမာရေးစောင့်ရှောက်မှု သင်တန်းတွေပေးပြီး၊ ကိုယ်နဲ့နီးစပ်ရာ လူထုထဲမှာ ပညာပေးလုပ်ငန်းတွေ လုပ်စေပါတယ်” ဟု မဇ္စျိမကို ပြောသည်။

နိုင်ငံခြားသား ထိန်းသိမ်းရေးစခန်း ၁၃ ခုတွင် A (H1N1) ကူးစက်ခံနေရသူပေါင်း မည်ရွေ့မည်မျှ ရှိနေကြောင်း မလေးအစိုးရက သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။

Most read this week