ဖန်င (မဇ္စျိမ)။ ။ ထိုင်းနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနနှင့် မြေငလျင်တိုင်းထွာရေးဌာနတို့ ပူးပေါင်း၍ ဆူနာမီသတိပေးချက် အစမ်းလေ့ကျင့်မှုကို ယနေ့နံနက် ၉ နာရီခွဲမှ ၁၁ နာရီခွဲအထိ ထိုင်းနိုင်ငံတောင်ပိုင်း ခရိုင် ၆ ခုတွင်ရှိသော ကမ်းခြေဒေသများ၌ တပြိုင်တည်း ပြုလုပ်ခဲ့သည်။
“အဓိက ရည်ရွယ်ချက်ကတော့ ဒီ ကမ်းခြေဒေသတွေမှာရှိတဲ့ ဒေသခံလူထုတွေကို အကယ်၍ ဆူနာမီ လှိုင်းတွေလာလို့ ဆူနာမီအချက်ပြ တာဝါတိုင်ကနေ သတိပေးသံကိုကြားရင် ကမ်းခြေကနေ အနည်းဆုံး ၂ ကီလိုမီတာ ကျော်လောက်ဝေးတဲ့၊ ဘေးကင်းရာနေရာတွေကို ချက်ချင်း ပြေးနိုင်အောင် လေ့ကျင့်ပေးတာ ဖြစ်ပါတယ်။ အခုလို သတိပေးချက် အစမ်းလေ့ကျင့်မှုမျိုးကို မိုးလေဝသဌာနနဲ့ မြေငလျင် တိုင်းထွာရေးဌာနရဲ့ မိုးလေဝသ ခန့်မှန်းချက်ပေါ် မူတည်ပြီးတော့ အခါအားလျော်စွာ ပြုလုပ်ပါတယ်” ဟု ဆူနာမီသတိပေးချက် အစမ်းလေ့ကျင့်ပွဲ (ဖန်ငခရိုင်) သို့ တက်ရောက်လာသော ထိုင်းနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ဒါရိုက်တာဖြစ်သူ မစ္စတာ ဗျူရင် ဝက်ချ်ဘန်သောင်က မဇ္စျိမကို ပြောသည်။
ထိုင်းနိုင်ငံ အစိုးရအနေနှင့် ယခုကဲ့သို့ ဆူနာမီသတိပေးချက် အစမ်းလေ့ကျင့်မှုကို ထိုင်းနိုင်ငံတောင်ပိုင်းရှိ ကမ်းခြေဒေသများတွင် နှစ်စဉ်ပြုလုပ်သည်။
“ဒီ ထိုင်းနိုင်ငံတောင်ပိုင်း ကမ်းခြေဒေသမှာနေတဲ့ အလုပ်သမားတယောက်အနေနဲ့ အခုလို ဆူနာမီအချက်ပေး ဥသြဆွဲသံတို့၊ ပင်လယ်ကမ်းခြေဒေသရဲ့ ရာသီဥတုအခြေအနေ၊ ပင်လယ်ပြင် အနေအထားတွေကို သိထားဖို့ လိုပါတယ်။ ဒီလိုအဖြစ်မျိုးက ထပ်မဖြစ်ဘူးလို့ မပြောနိုင်ဘူး။ တကယ်လို့ ဖြစ်လာရင်လည်း ဘေးလွတ်တဲ့ နေရာတွေကို ဘယ်လိုပြေးရမယ် ဆိုတာမျိုးတွေကို သိရတယ်” ဟု ဖန်ငခရိုင် တကွာပါမြို့နယ် ခီးခက်ကမ်းခြေတွင် ပြုလုပ်သော ဆူနာမီ သတိပေးချက် အစမ်းလေ့ကျင့်ပွဲသို့ တက်ရောက်လာသော ရာဘာခြံ အလုပ်သမား မြန်မာရွှေ့ပြောင်းလုပ်သားတဦးက မဇ္စျိမကို ပြောသည်။
ထိုင်းနိုင်ငံအစိုးရက နိုင်ငံတောင်ပိုင်းရှိ ပင်လယ်ကမ်းခြေ ဒေသများတွင် ယခုကဲ့သို့ ဆူနာမီ သတိပေးချက် အစမ်းလေ့ကျင့်မှုမျိုးကို ၄ နှစ်ဆက်တိုက် ပြုလုပ်လာခဲ့ပြီး၊ ယခုနှစ်တွင်လည်း ထိုကဲ့သို့ လေ့ကျင့်မှု မပြုလုပ်မီ ကမ်းခြေဒေသများရှိ လူထုများအား အဆိုပါ ဆူနာမီသတိပေးချက် အစမ်းလေ့ကျင့်မှု ပြုလုပ်မည့် ကမ်းခြေဒေသများသို့ လာရောက်ကြရန် ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတိပေးရေးဌာနက ၂ ရက်ကြိုတင်၍ သတိပေး လှုံဆော်ခဲ့သည်။
၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဆူနာမီငလျင်လှိုင်းကြောင့် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ သီရိလင်္ကာ စသည့် နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံတို့တွင် စုစုပေါင်း လူဦးရေ ၂၉၄၀၀၀ (နှစ်သိန်း ကိုးသောင်း လေးထောင်) ကျော် သေဆုံးခဲ့သည်။