တားမြစ်စားသုံးဆီများ အရောင်းတွင်နေဆဲ

တားမြစ်စားသုံးဆီများ အရောင်းတွင်နေဆဲ
by -
မေကျော်
ပြည်ပမှ တင်သွင်းသော စားသုံးဆီ လေးမျိုးကို တရားဝင် ပိတ်ပင်လိုက်သော်လည်း စျေးနှုန်း သက်သာမှုကြောင့် စျေးကွက် အတွင်း ဆက်လက် သုံးစွဲနေဆဲ ဖြစ်သည်။ ...

ချင်းမိုင် (မဇ္ဈိမ)။     ။ ပြည်ပမှ တင်သွင်းသော စားသုံးဆီ လေးမျိုးကို တရားဝင် ပိတ်ပင်လိုက်သော်လည်း စျေးနှုန်း သက်သာမှုကြောင့် စျေးကွက် အတွင်း ဆက်လက် သုံးစွဲနေဆဲ ဖြစ်သည်။  

ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနက ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့က ထိုင်းနိုင်ငံနှင့် မလေးရှားမှ တင်သွင်းသည့် စားသုံးရန် မသင့်သည့် ဆီ အမှတ်တံဆိပ် ၄ မျိုးကို နိုင်ငံပိုင် သတင်းစာများမှ တဆင့် အသိပေး ထုတ်ပြန်ခဲ့သော်လည်း စျေးကွက်က ဆက်လက်သုံးစွဲနေခြင်း ဖြစ်သည်။

“စျေးကွက်က ချက်ချင်းပြောင်းလို့ မရဘူး။ ဒီဆီတွေက စျေးကွက်ရှိနေတယ်။ စားအုံးဆီလို မခဲဘူး။ အရောင်လှတယ်။ စျေးနှုန်းက စားအုံးဆီလိုမျိုးပဲ။ စျေးကွက်ရှိနေတုန်းပါ”ဟု ဘုရင့်နောင် ဆီပွဲရုံ လုပ်ငန်းရှင်က ဆိုသည်။  

စီးပွားရေး ဦးပိုင်လီမိတက်မှ တင်သွင်းသည့် ကန်ဆီ ခေါ်စားအုံးဆီက တပိသာ ၂၀၀၀ ကျပ်ဝန်ကျင် ရှိနေပြီး ယခု စားအုံးဆီမဟုတ်သော စားဆီများက တပိသာ ၂၃၀၀ ဝန်းကျင်ရှိနေသည်။

စားဆီ ၄ မျိုး ပိတ်လိုက်ပြီး နောက်ပိုင်း ပြည်တွင်းထုတ် ပဲဆီ၊ နှမ်းဆီနှင့် ပဲပုပ်ဆီများ စျေးအနည်းငယ် တက်လာသော်လည်း ကုန်ကြမ်းစျေးကြောင့် စျေးနှုန်း ပြောင်းလဲခြင်းသာ ဖြစ်ကြောင်း ဆီစက် လုပ်ငန်းရှင်များက ဆိုသည်။

အမှန်တကယ် သုံးစွဲသူများ အန္တရာယ် ဖြစ်စေနိုင်၍သာ ပိတ်ပင်ခြင်း ဖြစ်ကြောင်းနှင့် လက်ရှိ ရောင်းချနေသည့် စားအုံးဆီများတွင် ဆပ်ပြာမှုန့် ရောနှောသည်ဆိုသော ကောလာဟလကိုတော့ ကျန်းမာရေး ဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာနက မှန်ကန်မှုမရှိကြောင်း ယတိပြတ် ပယ်ချ လိုက်သည်။

“ဒါက မဖြစ်နိုင်ပါဘူး။ ကျနော်တို့လဲ စမ်းကြည့်တာပေါ့နော်။ သူတို့ပြောတဲ့ Ratio (အချိုးအစားအလိုက်) တွေနဲ့ ကျနော်တို့ အမျိုးမျိုး စမ်းသပ်ကြည့်တာပေါ့ဗျာ။ ဆပ်ပြာဆိုတာက စားအုံးဆီ သို့မဟုတ် ဆီ တမျိုးမျိုးရဲ့ ဘေးထွက်ပစ္စည်း။ မကောင်းလို့ ပယ်ထားတယ် ဆိုတာကို ပြန်ထည့်တယ် ဆိုတာက မဖြစ်နိုင်ဘူးနော်။ ဒါက မဖြစ်နိုင်ဘူး” ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်လင်းက ပြောကြားသည်။  

စားသုံးသူများကမူ ယခု ပြည်တွင်း အခေါ် ပုစွန်ဆီခေါ် ယင်းစားသုံးဆီများကို စားအုံးဆီကို စားသုံးရခြင်း ထက်ကြိုက်နှစ်သက်ပြီး ပဲဆီ၊ နှမ်းဆီကမူ စျေးနှုန်း မြင့်မားခြင်းကြောင့် မစားသုံးနိုင်ကြောင်း ဆိုသည်။

“ပြည်တွင်းစျေးကွက်မှာက ပဲဆီ၊ နှမ်းဆီက စျေးမြင့်တယ်။ အိတ်စပို့ ရာသီဆိုရင် တပိသာကို ၄၀၀၀ ကျပ်ကျော်ထိဖြစ်တယ်။ အခုလက်ရှိ ပဲဆီဆို ၃၃၀၀ ။ ဝယ်မစားနိုင်ဘူး။ စားအုန်းဆီက ခဲတယ်။ အရောင်မလှဘူး။ အခု ပုစွန်ဆီကတော့ အရောင်လှတာရော စျေးက ၂၀၀၀ ပတ်ဝန်းကျင်ပဲ ဆိုတော့ ဒီဆီကိုသုံးနေဦးမှာပဲ” ဟု ဆီစက်လုပ်ငန်းရှင်က ဆိုသည်။  

သွေးတိုး၊ နှလုံးသွေးကြောကျဉ်းနှင့် ကင်ဆာများ ဖြစ်စေနိုင်သော ဘေးထွက်ဆိုးကျိုးကြောင့် ပိတ်ပင်ခြင်းဟု ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။  

မြဝတီ နယ်စပ်ဝင်ပေါက်နှင့် ကော့သောင်းဝင်ပေါက်မှ တဆင့် ဝင်ရောက်နေသည့် အဆိုပါ စားသုံးဆီများကို စျေးကွက် လိုအပ်ချက်ကြောင့် ဆက်လက် တင်သွင်းနေဆဲ ဖြစ်ကြောင်း မြဝတီ ကုန်သည်ကြီးများ အသင်းဝင် တဦးက ဆိုသည်။

ပြည်တွင်း ဆီစားသုံးမှုမြင့်သော မြန်မာနိုင်ငံတွင် သွင်းကုန် အစားထိုးနိုင်ရေး စီမံကိန်းဖြင့် တနသာင်္ရီတိုင်း အတွင်း ပုဂ္ဂလိက ကုမ္ပဏီ ၃၅ ခုမှ ဆီအုန်းစိုက်ခင်းများ ဆောင်ရွက် နေသော်လည်း ပြည်တွင်းဆီ တင်သွင်းရမှုမှာ တနှစ်ထက် တနှစ် များပြားလာသည်။  

လူဦးရေ ၅၆ သန်းကျော်ရှိ ဆီစားသုံးမှုမြင့်သည့် မြန်မာနိုင်ငံတွင် ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်တွင် ပြည်ပမှ စားအုံးဆီ တန်ချိန် ၂ သိန်းခွဲခန့် တင်သွင်းခဲ့ရပြီး ယင်းမှာ ၂၀၀၇- ၂၀၀၈ ဘဏ္ဍာနှစ်တွင် တင်သွင်းရမှုထက် တန်ချိန် ၄၀၀၀၀ ကျော် ပိုမို တင်သွင်းခဲ့ရခြင်း ဖြစ်သည်။

Most read this week