နယူးဒေလီ။ ။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်အား ပြစ်ဒဏ်ချလိုက်သဖြင့် ဒေါသထွက်နေသည့် မြန်မာလူငယ် တစုက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ မြန်မာသံရုံး အုတ်နံရံတွင် ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးရန် ယမန်နေ့က စာတမ်းများ ရေးသားခဲ့ကြသည်။
ယမန်နေ့ နံနက်ပိုင်းတွင် တက်ကြွလှုပ်ရှားသူ လူငယ် ၅၀ ကျော်က မြန်မာသံရုံးရှေ့ အုတ်နံရံတွင် အနီရောင်နှင့် အပြာရောင် စာလုံးများဖြင့် ''Free Aung San Suu Kyi'' ၊ ''Free Burma'' ဟူသော စာတမ်းများ ရေးသားဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
"ဒေါ်အောင်ဆန်းစုကြည်မှာ ပြစ်ဒဏ်ပေးလောက်အောင် အပြစ်မရှိဘူး။ ဒါကို ဘာဖြစ်လို့ ဒီလို အပြစ်ဒဏ်ချရတာလဲ။ ကျနော်တို့ လုံးဝ မကျေနပ်ဘူးဗျာ။ ဒါကြောင့် ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့နဲ့ မတရားသဖြင့် အဖမ်းခံရတာကို မကျေနပ်လို့ ဒီမှာ ဆန္ဒလာပြတာပါ" ဟု ဆန္ဒပြပွဲတွင် ပါဝင်ဆင်နွှဲသူတဦးဖြစ်သည့် ကိုကင်(မ်)က မဇ္စျိမကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အား ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၈ လ ချမျတ်သည့်အပေါ် တရားမျှတမှု မရှိကြောင်းနှင့် ချက်ချင်း ပြန်လွှတ်ပေးရန် ဆန္ဒပြသူများက စစ်အစိုးရကို တောင်းဆိုခဲ့ကြသည်။
ဆန္ဒမပြရန် တားမြစ်ထားသည့် သံရုံးဧရိယာတွင် မြန်မာလူငယ်များသည် မြန်မာ့ဒီမိုကရေစီရေးအတွက် ရှောင်တခင် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့သဖြင့် အိန္ဒိယရဲက အဖမ်းအဆီး လုပ်လေ့ရှိသော်လည်း ယခုဆန္ဒပြပွဲတွင် ရဲက ခွင့်ပြုခဲ့သည်။
ကိုကင်(မ်)က “ကျနော်တို့ တော်တော်အံသြမိတာကတော့ အရင်တုန်းက မြန်မာသံရုံးရှေ့က ဆန္ဒပြခွင့်မရှိတဲ့ နေရာလေ။ ဒီလိုလုပ်ရင် သူတို့ (ရဲ) က ဖမ်းတာဆီးတာတို့ ရှိတာပေါ့။ ကျနော်တို့လည်း ခံရတာကိုး။ ဒါပေမဲ့ ဒီနေ့တော့ ကြည်ကြည်ဖြူဖြူပဲ သူတို့ ခွင့်ပြုတယ်။ မင်းတို့ အကြမ်းမဖက်နဲ့ဆိုပြီး တနာရီ အချိန်အတောအတွင်းမှာ ဘာမှ အခက်အခဲ မရှိဘူး။ သူတို့လည်း နအဖ ရဲ့ မတရားလုပ်ရပ်ကို သိလို့နေမှာပေါ့” ဟု ပြောသည်။
မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲအပြီး လူငယ်များက အိန္ဒိယပါလီမန်အနီးရှိ ဂျန်တားမန်တား အရပ်တွင် ရွှေဝါရောင်ကျောင်းတိုက်မှ သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲသို့ သွားရောက်ပေါင်းစည်းခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်ပေးရေး အဆိုပါ ဆန္ဒပြပွဲသို့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ ဦးရေ ၁ဝဝ ကျော် ပါဝင်ဆင်နွှဲပြီး၊ ကြွေးကြော်များ အော်ဟစ်ဆန္ဒပြခဲ့ကြသည်။
“ဦးဇင်းတို့က မြန်မာအစိုးရ အပါအဝင် နိုင်ငံတကာမှာရှိတဲ့ အစိုးရတွေကို သိစေချင်တယ်။ မြန်မာအစိုးရရဲ့ လုပ်ရပ်တွေကို။ ဒီလု မတရားတာတွေကို လက်ပိုက်ကြည့်မနေသင့်ဘူး။ ရောက်လေရာ နေရာတွေမှာ ဆန့်ကျင်နေရမယ်ဆိုတာ နိုင်ငံအရပ်ရပ်မှာ ရောက်ရှိနေတဲ့ မြန်မာပြည်သူပြည်သားတွေအပြင် ကျန်ရှိနေတဲ့ လူတွေကို သိစေချင်တယ်“ ဟု ဆန္ဒပြခြင်း၏ ရည်ရွယ်ချက်ကို ရွှေဝါရောင်ကျောင်းတိုက် ဆရာတော် ဦးပညာဇောတက မဇ္စျိမကို မိန့်ဆိုသည်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ နေအိမ်အတွင်း အမေရိကန် နိုင်ငံသားတဦးက ရေကူးဝင်ရောက်ခဲ့ပြီးနောက် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ တားဆီးကာကွယ်သည့် ဥပဒေဖြင့် စွဲချက်တင်ကာ ယခုလ ၁၁ ရက်နေ့တွင် အင်းစိန်ထောင်တွင်း အထူးတရားခွင်က အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။
သို့သော် နအဖ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ညွှန်ကြားချက်အရ ပြစ်ဒဏ်ကို တနှစ်ခွဲသို့ လျှော့ချပေးခဲ့ပြီး၊ ၎င်းကို ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ကျခံစေရန် ဆုံးဖြတ်ခဲ့သည်။
စီရင်ဆုံးဖြတ်ချက်အပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သူမနှင့်အတူနေသူ နိုင်ငံရေး လုပ်ဖော်ကိုင်ဘက် အမျိုးသမီးနှစ်ဦးအား အင်းစိန်ထောင်မှ အကျယ်ချုပ်ကျခံခဲ့ရသည့် မူလနေအိမ်သို့ အာဏာပိုင်များက ပြန်လည်ခေါ်ဆောင်သွားကာ ဆက်လက် ထိန်းသိမ်းခဲ့သည်။