နအဖ ဥက္ကဋ္ဌက ဒေါ်စုအပေါ် သက်ညှာခွင့်ပြုရန် ညွှန်ကြား

နအဖ ဥက္ကဋ္ဌက ဒေါ်စုအပေါ် သက်ညှာခွင့်ပြုရန် ညွှန်ကြား
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သူမနှင့်အတူနေ ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမတို့အား  ပြစ်ဒဏ်လျှော့ပေါ့ပြောင်းလဲခြင်း၊ ဆိုင်းငံ့ခြင်း၊ ကောင်းမွန်စွာ နေထိုင်ပါက လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းနှင့် ပတ်သက်၍ နအဖ စစ်ကောင်စီဥက္ကဋ္ဌက ပြည်ထဲဝန်ကြီးဌာနသို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ ...

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သူမနှင့်အတူနေ ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမတို့အား  ပြစ်ဒဏ်လျှော့ပေါ့ပြောင်းလဲခြင်း၊ ဆိုင်းငံ့ခြင်း၊ ကောင်းမွန်စွာ နေထိုင်ပါက လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းနှင့် ပတ်သက်၍ နအဖ စစ်ကောင်စီဥက္ကဋ္ဌက ပြည်ထဲဝန်ကြီးဌာနသို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာနကလည်း အင်းစိန်ထောင်တွင်း တရားခွင်သို့ ထပ်ဆင့်၍ အမိန့်ထုတ်ပြန်ခဲ့ပုံကို ယနေ့ နေ့ခင်းပိုင်းတွင် မြန်မာ့အသံမှနေ၍ ထုတ်လွှင့်ပေးခဲ့သည်။

အဆိုပါ ထုတ်လွှင့်ချက်ကို တင်ပြလိုက်ပါသည်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ လျှော့ပေါ့ပြောင်းလဲခြင်း၊ ဆိုင်းငံ့ခြင်းနှင့် ကောင်းမွန်စွာ နေထိုင်ပါက လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း

အပိုဒ် ၁ ။ ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် တရားရုံးတွင် ပြစ်မှုဆိုင်ရာ အမှုကြီးအမှတ် ၄၇/၂ဝဝ၉ ဖြင့် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ တားဆီးကာကွယ်သည့် ဥပဒေ ၂၂ ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ခဲ့သဖြင့် ဒေါ်အောင်ဆန်းစုကြည် (ဘ) ဦးအောင်ဆန်းအပေါ် တာဝန်ရှိသူများက မလွှဲမရှောင်သာဘဲ တရားစွဲဆိုခြင်း ပြုခဲ့ရခြင်းကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအနေဖြင့် စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်ခဲ့ပါသည်။

အပိုဒ် ၂ ။ သို့ရာတွင် တရားဥပဒေ စိုးမိုးရေးအတွက် တည်ဆဲဥပဒေနှင့်အညီ မှန်ကန်မျှတစွာ တရားစီရင်မှုကို နိုင်ငံသား အားလုံးက လေးစားလိုက်နာ ခံယူကြရမည် ဖြစ်သည်။

အပိုဒ် ၃ ။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကို အသက်ပေး၍ ရယူပေးခဲ့သည့် နိုင်ငံ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်ခြင်းကြောင့်လည်းကောင်း၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍လည်းကောင်း၊ တဦးအပေါ်တဦး အာဃာတများ မရှိစေရေး အတွက်လည်းကောင်း၊ ဒီမိုကရေစီလမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေး အတွက်လည်းကောင်း ရှေးရှု၍ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အနေဖြင့် မိမိ၏ လုပ်ပိုင်ခွင့် အာဏာအတွင်းမှ သူမကို စာနာထောက်ထား ညှာတာမှု ပြုလိုပါသည်။

အပိုဒ် ၄ ။ သို့ပါ၍ ဒေါ်အောင်ဆန်းစုကြည်အား တရားရုံးအနေဖြင့် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတွေ့ရှိရပြီး ပြစ်ဒဏ်ချမှတ်ပါက မည်သို့ပင် ပြစ်ဒဏ်ချမှတ်ထားသည်ဖြစ်စေ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄ဝ၁  ပုဒ်မခွဲ ၅ အရ တရားရုံးက ချမှတ်ထားသော ပြစ်ဒဏ်များအနက် ပြစ်ဒဏ်၏ ထက်ဝက်ကိုသာ ကျခံစေရန် လျှော့ပေါ့ ပြောင်းလဲလိုက်ပြီး ကျန်ရှိသော ပြစ်ဒဏ်ကိုလည်း ဆိုင်းငံ့လိုက်သည်။

အပိုဒ် ၅ ။ အထက် အပိုဒ် ၄ ပါ ပြစ်ဒဏ် ဆိုင်းငံ့ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ နေအိမ်ဖြစ်သော ဗဟန်းမြို့နယ် ရွှေတောင်ကြား ၁ ရပ်ကွက် တက္ကသိုလ် ရိပ်သာလမ်း ခြံအမှတ် (၅၄/၅၆) နေအိမ်၌ ပူးတွဲပါ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ နေထိုင်ခွင့် ပြုလိုက်သည်။

အပိုဒ် ၆ ။ ဒေါ်အောင်ဆန်းစုကြည်သည် လျှော့ပေါ့ပြောင်းလဲလိုက်သော ပြစ်ဒဏ်ကျခံရမည့် အချိန်ကာလထက် မကျော်လွန်သော အချိန်ကာလအတွင်း ပူးတွဲပါ သတ်မှတ်ပေးထားသော စည်းကမ်းချက်များနှင့်အညီ ကောင်းမွန်စွာ နေထိုင်ပါက ဆိုင်းငံ့ထားသော ပြစ်ဒဏ်အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုမည်ဖြစ်ကြောင်း အကြောင်းကြားလိုက်သည်။

ဥက္ကဋ္ဌ
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ၏ အဆိုပါ ညွန်ကြားချက်အရ ပြည်ထဲရေး ဝန်ကြီးဌာနကလည်း သြဂုတ်လ ၁ဝ ရက်နေ့ ရက်စွဲဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကို ဆက်လက် ထုတ်ပြန်ခဲ့ပြီး ၎င်းအမိန့်ကို ဒေါ်အောင်ဆန်းစုကြည်အား ဖတ်ပြအသိပေးပြီးဖြစ်ကြောင်း သတင်းရရှိပါတယ်ခင်ဗျာ။

---------------------------------

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌက  ၂ဝဝ၉ ခုနှစ် သြဂုတ်လ ၁ဝ ရက်နေ့ ရက်စွဲဖြင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမတို့အပေါ် တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ပါက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ လျှော့ပေါ့ပြောင်းလဲခြင်း၊ ဆိုင်းငံ့ခြင်းနှင့် ကောင်းမွန်စွာ နေထိုင်ပါက လွတ်ငြိမ်းချမး်သာခွင့် ပြုခြင်းဆိုင်ရာ ညွန်ကြားချက် ထုတ်ပြန်ခြင်း

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌက ၂ဝဝ၉ ခုနှစ် သြဂုတ်လ ၁ဝ ရက်နေ့ ရက်စွဲဖြင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ ခေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမတို့အပေါ် တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ပါက ကျခံရန် ရှိသော ပြစ်ဒဏ်အား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ လျှော့ပေါ့ပြောင်းလဲခြင်း ဆိုင်းငံ့ခြင်းနှင့် ကောင်းမွန်စွာ နေထိုင်ပါက လွတ်ငြိမ်းချမ်းသာခွင့် ပြုခြင်းဆိုင်ရာ ညွန်ကြားချက်တရပ် ထုတ်ပြန်ခဲ့သည်။

၎င်းညွန်ကြားချက် အပြည့်အစုံမှာ

ပြည်ထောင်စု မြန်မာနိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌရုံး
စာအမှတ်  ဝ၄/နယက/ လငခ ဟု
ရက်စွဲ - ၂ဝဝ၉ ခုနှစ် သြဂုတ်လ ၁ဝ ရက်

သို့

ဝန်ကြီး
ပြည်ထဲရေး ဝန်ကြီးဌာန

အကြောင်းအရာ။ ။ ဒေါ်ခင်ခင်ဝင်း (ဘ)  ဦးတင်အုန်းနှင့် ဒေါ်ဝင်းမမ (ဘ)  ဦးဉာဏ်လင်းတို့အပေါ် တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ပါက ကျခံရန်ရှိသော ပြစ်ဒဏ်အား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ လျှော့ပေါ့ပြောင်းလဲခြင်း၊ ဆိုင်းငံ့ခြင်းနှင့် ကောင်းမွန်စွာ နေထိုင်ပါက လွတ်ငြိမ်းချမ်းသာခွင့် ပြုခြင်း။

အပိုဒ် ၁ ။  ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် တရားရုံးတွင် ပြစ်မှုဆိုင်ရာ အမှုကြီးအမှတ် ၄၇/၂ဝဝ၉ ဖြင့် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ  ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂ ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ခဲ့သဖြင့် ဒေါ်ခင်ခင်ဝင်း (ဘ)  ဦးတင်အုန်းနှင့် ဒေါ်ဝင်းမမ (ဘ)  ဦးဉာဏ်လင်းတို့အပေါ် တရားစွဲဆိုခဲ့သည်။

အပိုဒ် (၂) ။ ယင်းတို့ နှစ်ဦးအပေါ် တရားရုံးအနေဖြင့် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတွေ့ရှိပြီး ပြစ်ဒဏ်ချမှတ်ခဲ့ပါက မည်သို့ပင် ပြစ်ဒဏ်ချမှတ်ထားသည်ဖြစ်စေ ယင်းတို့နှစ်ဦးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူတကွ နေထိုင်ပြီး တဦးကိုတဦး စောင့်ရှောက်ကူညီနေသူများ ဖြစ်ကြ၍ နေထိုင်မှု အဆင်ပြေကြစေရေးအတွက် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄ဝ၁ ပုဒ်မခွဲ ၅ အရ တရားရုံးက ချမှတ်ထားသော ပြစ်ဒဏ်များအနက် ပြစ်ဒဏ်၏ ထက်ဝက်ကိုသာ ကျခံရန် လျှော့ပေါ့ပြောင်းလဲလိုက်ပြီး ကျန်ရှိသော ပြစ်ဒဏ်ကိုလည်း ဆိုင်းငံ့လိုက်သည်။

အပိုဒ် (၃) အထက် အပိုဒ် ၂ ပါ ပြစ်ဒဏ်ဆိုင်းငံ့ကာလအတွင်း ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမအား ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဖြစ်သော ဗဟန်းမြို့နယ် ရွှေတောင်ကြား ၁ ရပ်ကွက် တက္ကသိုလ် ရိပ်သာလမ်း ခြံအမှတ် ၅၄/၅၆ နေအိမ်၌ ပူးတွဲပါ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ နေထိုင်ခွင့် ပြုလိုက်သည်။
အပိုဒ် (၄) ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမသည် လျှော့ပေါ့ပြောင်းလဲလိုက်သော ပြစ်ဒဏ်ကျခံရမည့် အချိန်ကာလထက် မကျော်လွန်သော အချိန်ကာလအတွင်း ပူးတွဲပါ သတ်မှတ်ပေးထားသော စည်းကမ်းချက်များနှင့်အညီ ကောင်းမွန်စွာ နေထိုင်ပါက ဆိုင်းငံ့ထားသော ပြစ်ဒဏ်အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုမည်ဖြစ်ကြောင်း အကြောင်းကြားလိုက်သည်။

ဥက္ကဋ္ဌ
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွ့ံဖြိုးရေးကောင်စီ ဥက္ကဋ္ဌ၏ အဆိုပါ ညွန်ကြားချက်အရ ပြည်ထဲရေးဝန်ကြီးဌာနကလည်း သြဂုတ်လ ၁ဝ ရက်နေ့ ရက်စွဲဖြင့်  ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကို ဆက်လက်ထုတ်ပြန်ခဲ့ပြီး ၎င်းအမိန့်ကို ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမတို့အား ဖတ်ပြအသိပေးပြီး ဖြစ်ကြောင်း သတင်းရရှိပါတယ်ခင်ဗျာ။

Most read this week