စျေးတက်နေသည့် ကြက်သွန်နီ တရုတ်သို့ တင်သွင်းခွင့် ပိတ်ပင်

စျေးတက်နေသည့် ကြက်သွန်နီ တရုတ်သို့ တင်သွင်းခွင့် ပိတ်ပင်
by -
မျိုးကြီး
စျေးနှုန်းတက်သည်ကို ထိန်းချုပ်သည့်အနေဖြင့် တရုတ်ပြည်သို့ ကြက်သွန်နီ တင်ပို့ခွင့်ကို ရှမ်းပြည်နယ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ယခုလဆန်းပိုင်းက ပိတ်ပင်လိုက် ...

ရွှေလီ (မဇ္စျိမ) ။     ။ စျေးနှုန်းတက်သည်ကို ထိန်းချုပ်သည့်အနေဖြင့် တရုတ်ပြည်သို့ ကြက်သွန်နီ တင်ပို့ခွင့်ကို ရှမ်းပြည်နယ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ယခုလဆန်းပိုင်းက ပိတ်ပင်လိုက်သည်။

ယခင်က ကြက်သွန်နီ ထွက်ရှိရာ မြန်မာပြည် အလယ်ပိုင်း ဒေသများမှတဆင့် မူဆယ် ၁ဝ၅ မိုင်အရောက် ကုန်ကားများဖြင့် သယ်ယူလာပြီး ထိုမှတဆင့် တရုတ်ပြည် ရွှေလီမြို့သို့ တင်ပို့ခဲ့ရာ ယခုအခါ ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

“ပါမစ်ပိတ်တာက ကျနော့်ကား ဝင်တဲ့နေ့နဲ့ ပိတ်လိုက်တဲ့နေ့နဲ့ ညားနေတာ။ အခု ကြက်သွန်ကားတွေ ၁ဝ၅ မိုင် ကနေ ထွက်ခွင့်မရဘူး ဖြစ်နေလို့ ပါမစ်တွေ ပိတ်ထားတာပါ။ ၁၀၅ မိုင်ကနေ ကျော်လို့မရတော့ဘူး။ ဂျူတီတွေလည်း အကုန်ဆောင်ပြီးသားပါ” ဟု ၁၀၅ မိုင်တွင် တားဆီးခံထားရသည့် ကြက်သွန်နီကားပိုင်ရှင် ကုန်သည်တဦးက မဇ္စျိမကို ပြောသည်။

အခြား ကုန်သည်တဦးကလည်း “ဟုတ်တယ်၊ ကြက်သွန်နီကားတွေ တရုတ်ဘက် ပေးမဝင်လို့ ၁၀၅ မိုင်မှာပဲ တချို့ ရပ်ထားရတယ်။ နေပြည်တော်ကနေ ကြက်သွန်နီထွက်ကုန်ကားတွေ အကုန်ပိတ်ပါလို့ စာပို့ထားတော့ လမ်းကနေ ရောက်လာတဲ့ကားတွေ ၁၀၅ မိုင်မှာပဲ ရပ်ထားရတာ။ ခါတိုင်းလို တိုက်ရိုက် ဝင်မလာတော့ဘူး။ စာရွက်စာတမ်း အကုန်လုံး အပြည့်အစုံပါလည်း မရတော့ဘူး” ဟု ပြောသည်။

ကုန်သည်များသည် နေပြည်တော်သို့ အသနားခံစာ တင်ထားကြကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်းမှ စတင်ကာ မူလကြက်သွန်ထွက်ရှိရာ မြန်မာပြည်အလယ်ပိုင်းရှိ မြင်းခြံ၊ တောင်သာ၊ ဆိပ်ဖြူမြို့နယ်များ၌ပင် တပိဿာလျှင် ကျပ် ၅၀၀ မှ  ၉၀၀ စျေးနှုန်းအထိ ခုန်တက်သွားခဲ့သည်။

နယ်စပ်မြို့ မူဆယ်မြို့၌လည်း ကြက်သွန်နီ ပေါက်စျေးသည် မြင့်တက်လာနေသည်။

“ကြက်သွန်နီစျေးက အလုံးအသေးအကြီးပေါ် မူတည်ပြီး စျေးနှုန်းကွဲတယ်။ လက်ကားစျေး အိတ်လိုက်က အလုံးပေါ် မူတည်ပြီး တပိဿာမှာ ၁၁၀၀ (ကျပ်) ကနေ ၁၅၀၀ အထိ ပေါက်နေတယ်”ဟု မူဆယ်ရှိ ကြက်သွန်နီ လက်ကြီးကုန်သည်က ပြောသည်။ ပြည်တွင်း၌ ကြက်သွန်နီများ ရှားပါးလာသဖြင့် တရုတ်ဘက် အထွက်ကုန်များကို ပိတ်ပင်ခြင်းဖြစ်ကြောင်း သူက ပြောသည်။

ပြီးခဲ့သည့် လကုန်ပိုင်းတွင်  စီးပွားကူးသန်းဝန်ကြီးဌာနက အိန္ဒိယနိုင်ငံမှပင် ကြက်သွန်နီများ တင်သွင်းရန် စီစဉ်နေကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း ကြက်သွန်စျေးနှုန်းမှာ ၂ ဆကျော် ခုန်တက်ခဲ့ရာ ၂၀၀၆ ခုနှစ် နောက်ပိုင်း အမြင့်ဆုံးစျေးနှုန်း ဖြစ်သွားသည်။

ဇွန်လတွင် ဟိုတယ်စ ခေါ် အကောင်းစား ကြက်သွန်နီ စျေးနှုန်းသည် တပိဿာလျှင် ၆၅၀ ကျပ်မှ ဇူလိုင်လအရောက်တွင် ၁၃၀၀ ကျပ်၊ အများသုံး ကြက်သွန်နီ အသေးမှာ ကုန်စည်ဒိုင် တပိဿာစျေးနှုန်း ၃၀၀ ကျပ်မှ ၈၀၀ ကျပ်သို့ ရောက်ရှိခဲ့သည်။

မေလနှင့် ဇွန်လအတွင်း ရန်ကုန်ရှိ ကုန်စည်ဒိုင်များသို့ တနေ့လျှင် ကြက်သွန်နီ ပိဿာချိန် ၅ သောင်းကျော် ပျမ်းမျှဝင်ရောက်ခဲ့သော်လည်း ဇူလိုင်လတွင် ပိဿာချိန် ၃ သောင်းကျော်သာ ဝင်ရောက်ခဲ့သည်ဟု မြန်မာ့ လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းမှ ပြုစုထားသော စာရင်းဇယားများက ဆိုသည်။

၂၀၀၆ ခုနှစ်အတွင်း ကြက်သွန်နီ ပြတ်တောက်သဖြင့် တပိဿာလျှင် ကျပ် ၂ ထောင်် ဖြစ်သွားရာမှ စိုက်ပျိုးမှု များပြားလာပြန်ရာ တောင်သူများ အရှုံးပေါ်ခဲ့သည်။ ထို့နောက် စိုက်ပျိုးမှု ပြန်ကျဆင်းသွားသလို၊ ထိုင်းနိုင်ငံဘက် တင်ပို့မှုနှင့် သိုလှောင်မှုကြောင့် စျေးကွက်အတွင်း ရောက်ရှိမှု လျော့နည်းလာသည်။

Most read this week