ချင်းမိုင်။ ။ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ၅၇ ခုအား လာမည့်လ ၂၂ ရက်နေ့တွင် နေပြည်တော်ရှိ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး တိုးတက်မှု ဝန်ကြီးဌာနမှ လေလံတင် ရောင်းချသွားမည် ဖြစ်သည်။
စီမံနှင့် စီးပွားဝန်ကြီးဌာန လက်အောက်ရှိ စီမံကိန်း စိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေး ဦးစီးဌာန ရုံးခန်းတွင် လေလံတင်သွားမည်ဖြစ်ရာ၊ ယခုလ ၁၂ ရက်နေ့တွင် လျှောက်လွှာပုံစံများကို ရန်ကုန်မြို့ ပြည်ထောင်စု ရိပ်သာလမ်းရှိ အမျိုးသား မှတ်တမ်းများ မော်ကွန်းတိုက် ဦးစီးဌာနတွင် စတင်ရောင်းချမည်ဖြစ်သည်။
“တိုင်းရင်းသားတွေ (နိုင်ငံသားများ) သာ ဆွဲခွင့်ရှိပါတယ်။ ကျမတို့ ၁၂ ရက်နေ့ကျရင် လျှောက်လွှာပုံစံ ရောင်းလို့ရှိရင် လေလံစည်းကမ်းတွေ တွဲပြီး ရောင်းမှာပါ” ဟု စီမံနှင့် တိုးတက် အစီရင်ခံရေး ဦးစီးဌာန ရုံးအမှတ် ၃၂ နေပြည်တော်မှ တာဝန်ကျ အမျိုးသမီးတဦးက ပြောသည်။
အရှုံးပေါ်သဖြင့် ရောင်းချရပါသလားဟု မဇ္စျိမက မေးမြန်းရာ သူက “ဟာ ဒါတွေကို မေးလို့ မရဘူး။ ကျမတို့ ရှုံးတယ်၊ မြတ်တယ်ဆိုတာ မသိဘူး။ ကျမတို့က လမ်းညွှန်ချက်အတိုင်း လုပ်ရတာ” ဟု ဖြေဆိုသည်။
စက်မှုဝန်ကြီးဌာန လက်အောက်ရှိ ရေခဲစက်၊ စောင်စက်၊ ကုန်ထုတ်စက္ကူစက်၊ ဆပ်ပြာ၊ ဘီစကွတ်၊ ပဲငံပြာရည်၊ ရှာလကာရည်၊ မော်လမြိုင် ကျောက်ပြားစက်ရုံခွဲ အစရှိသည့် စက်ရုံများနှင့် ကုန်ထုတ်လုပ်ငန်းပေါင်း ၃ဝ ၊ စီးပွားကူးသန်းဝန်ကြီးဌာန လက်အောက်ရှိ စက်ရုံလုပ်ငန်း ၁၅ ခု၊ သမဝါယမဝန်ကြီးဌာန လက်အောက်ရှိ လူနေအဆောက်အအုံ ၃ ခု ရောင်းချမည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာထဲတွင် ဖော်ပြထားသည်။
ထို့အပြင် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန လက်အောက်ရှိ စက်ရုံ ၂ ရုံ၊ စစ်ရင်းစစ်ချုပ်ရုံး ၆ ခုမှ လူနေအဆောက်အအုံ တိုက်ခန်း ၆ ခန်းနှင့် ပြန်ကြားရေးဝန်ကြီးဌာန အောက်ရှိ ရုပ်ရှင်ရုံ တရုံလည်း ပါရှိသည်။
လေလံစည်းကမ်းကို လျှောက်လွှာပုံစံ ရောင်းချမည့် ယခုလ ၁၂ ရက်နေ့တွင် ထုတ်ပြန်သွားမည် ဖြစ်သည်။