မြန်မာနိုင်ငံတွင် A (H1N1) ကူးစက်မှု ပိုများနိုင်ဟု ကျွမ်းကျင်သူများပြော

မြန်မာနိုင်ငံတွင် A (H1N1) ကူးစက်မှု ပိုများနိုင်ဟု ကျွမ်းကျင်သူများပြော
by -
နန်းဒေဝီ
မြန်မာနိုင်ငံတွင် A (H1N1) တုပ်ကွေးဖြစ်ပွားသူ ၁၀ ဦးရှိပြီဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သော်လည်း ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုစနစ် ညံ့ဖျင်းလှသဖြင့် ကျေးလက်ဒေသများတွင် ရောဂါကူးစက်ရန် အခွင့်အလမ်း ပိုများနိုင်ကြောင်း ကျွမ်းကျင်သူများက ပြော ...

 
နယူးဒေလီ (မဇ္စျိမ)။     ။ မြန်မာနိုင်ငံတွင် A (H1N1) တုပ်ကွေးဖြစ်ပွားသူ ၁၀ ဦးရှိပြီဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သော်လည်း ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုစနစ် ညံ့ဖျင်းလှသဖြင့် ကျေးလက်ဒေသများတွင် ရောဂါကူးစက်ရန် အခွင့်အလမ်း ပိုများနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။
 
“ကျန်းမာရေး စောင့်ရှောက်မှုစနစ် မရှိတာက မြန်မာနိုင်ငံမှာ သာမန် အခြေအနေလို ဖြစ်နေတယ်။ အဲဒီလို နေရာတွေမှာ ရောဂါ တားဆီးနိုင်ဖို့ဆိုတာ မလွယ်ဘူး။ ပိုပြီး စိုးရိမ်ရတာက ဒီရောဂါ ဆေးမတိုးတာမျိုး ဖြစ်လာမှာကိုပဲ” ဟု ထိုင်းနိုင်ငံ John Hopkins Bloomberg ကျောင်းမှ လူထုကျန်းမာရေး သုတေသနနှင့် လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူ ဆရာဝန် ဒေါက်တာ ဗိုရဗစ် ဆူဝမ်ဗနိကီ (Dr.Voravit Suwanvanichkij) က မဇ္ဈိမကို ပြောသည်။
 
ရန်ကုန် နိုင်ငံတကာ လေဆိပ်နှင့် နယ်စပ်ဂိတ်များတွင် တုပ်ကွေးဖြစ်ပွားမှု စစ်ဆေးစောင့်ကြည်မှုများ ပြုလုပ်ထားသည်ဟု အာဏာပိုင်များ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ နယ်စပ်ဒေသ စစ်ဆေးရေး စခန်းများတွင် လူပေါင်း ၁ သန်း ၉ သိန်းကျော်ကို ဧပြီလ ၂၈ ရက်နေ့မှ ဇူလိုင်လ ၁၃ ရက်နေ့အထိ ရောဂါရှိမရှိ စစ်ဆေးခဲ့သည်ဟု ဆိုသည်။
 
ယနေ့ထုတ် မြန်မာ့အလင်းတွင် မြန်မာနိုင်ငံတွင် A (H1N1) ကူးစက်ခံရသူပေါင်း ၁၀ ဦး ရှိပြီဟု ဆိုသည်။ သို့သော် ထုတ်ပြန်ချက်များအရ လူတုပ်ကွေးဖြစ်ပွားသူ အားလုံးမှာ လေကြောင်းခရီးဖြင့် နိုင်ငံခြားမှ ပြန်လာသူများသာ ဖြစ်နေသည်။
 
ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ဆေးခန်းတခုမှ ဝါရင့်ဆရာဝန်တဦးက “အဲဒီဒေသတွေမှာ မသိလိုက်ဘဲနဲ့ ရောဂါကူးစက်တာတွေ ရှိနိုင်ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှု မရှိတဲ့ဒေသတွေမှာ ကူးစက်နှုန်းက အခွင့်အလမ်း ပိုများတာပေါ့။ ကူးစက်နှုန်းက မြန်တော့ ရှိနိုင်ပါတယ်” ဟု ပြောသည်။
 
“ရောဂါဖြစ်တဲ့အပေါ် စိုးရိမ်စရာဆိုတာကတော့ မဟုတ်ဘဲနဲ့ ဒီ့ထက် ပိုတောင် တိုးလာအုံးမယ်လို့ ကျနော် စိုးရိမ်တယ်။ ဘာကြောင့်လဲဆိုတော့ ကျန်တဲ့နိုင်ငံတွေမှာတောင် လူအများကြီး ဖြစ်နေကြပြီလေ” ဟု သူက ပြောသည်။
 
ပုံမှန်အားဖြင့် အများပြည်သူများ အထိတ်တလန့် ဖြစ်စေနိုင်သော သတင်းဆိုးများဟုဆိုကာ အမှောင်ချလေ့ရှိသော်လည်း A (H1N1) ကူးစက်ခံရမှု အခြေအနေကို အာဏာပိုင်များက ထုတ်ပြန်ပေးနေခြင်းကိုတော့ ဒေါက်တာ ဗိုရဗစ် ဆူဝမ်ဗနိကီက ကြိုဆိုလိုက်သည်။
 
”အခုလို ဘာတွေ ဖြစ်နေသလဲဆိုတာ ပြောဆိုမှု တိုးလုပ်လာတဲ့အတွက် ဝမ်းသာစရာပါပဲ” ဟု သူက ပြောသည်။
 
သို့သော် နိုင်ငံနှင့်အဝှမ်း လိုအပ်သင့်တော်သော ကျန်းမာရေး စောင့်ရှောက်မှုစနစ် မရှိသောကြောင့် အမှန်တကယ် လူတုပ်ကွေး ကူးစက်ခံရမှုမှာ များပြားနိုင်သည်ဟု သူက သံသယ ရှိသည်။
 
ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့ရှိ ကုတင် ၁၀၀ ဆန့် ဝေဘာဂီ ကူးစက်ဆေးရုံတွင် ကူးစက်ရောဂါများဖြစ်သည့် HIV/AIDS ဝေဒနာရှင်များ၊ AIDS နှင့် ဆက်စပ်နေသည့် အဆုတ်ရောဂါသည်များ၊ ဝမ်းပျက်ဝမ်းလျှော အစရှိသည့် လူနာများအပြင် လက်ရှိ A (H1N1) ကူးစက်ခံရသူများကိုပါ ကုသပေးနေသည်။
 
A (H1N1) ကူးစက်မှု တစထက်တစ တိုးပွားလာနေသဖြင့် နောက်ထပ် ရောဂါကူးစက်ခံရသူ ပိုမိုတိုးပွားလာပါက ဆေးရုံရှိ လူနာဆောင်များဖြင့် မလုံလောက်မှာ စိုးရိမ်မှုလည်း ရှိသည်။
 
ဝေဘာဂီဆေးရုံ လက်ထောက်အဆင့် ဆရာဝန်တဦးကမူ ရောဂါကူးစက်နှုန်း များလာလည်း စိုးရိမ်စရာမရှိဟု မဇ္စျိမကို ပြောသည်။
 
“ဗျူဟာက အမျိုးမျိုးပြောင်းလို့ ရတယ်လေ။ ပြောင်းချင်လို့ ပြောင်းတာ မဟုတ်ဘူးဗျာ။ ဥပမာ-နှလုံးရောဂါသည် အားလုံးကို ဆေးရုံတင်ဖို့ မလိုသလိုပေါ့။ အရင်းအမြစ်တွေနဲ့ အဆင်ပြေနိုင်မယ့် အခြေအနေပေါ့နော်။ အဲဒီအပြင်ကို ကျန်းမာရေး စောင့်ရှောက်မှုတွေကို ထိထိရောက်ရောက်လည်း ဖြစ်စေရမယ်။ အဲဒီလိုပါ။ စိုးရိမ်ဖို့ မလိုပါဘူး” ဟု သူက ပြောသည်။
 
အိမ်နီးချင်း ထိုင်းနိုင်ငံတွင် A (H1N1) ရောဂါကြောင့် လူပေါင်း ၆၅ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။ အိန္ဒိယတွင်မူ အင်္ဂါနေ့ကအထိ ရေတွက်လျှင် ကူးစက်ခံရသူ ၄၇၅ ဦးရှိကာ တရုတ်နိုင်ငံတွင်မူ ဇူလိုင် ၂၇ ရက်နေ့အထိဆိုလျှင် ၁၉၃၀ ဦး ရှိသွားပြီ ဖြစ်သည်။
 
ယခုအခါ A (H1N1) ဖြစ်ပွားမှုသည် ကမ္ဘာတဝှန်းတွင် ဖြစ်ပွားနေရာ၊ နိုင်ငံပေါင်း ၁၆၀ အထိ ရှိလာခဲ့ပြီး၊ လူပေါင်း ၈၀၀ ကျော် သေဆုံးပြီး ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကမူ လာမည့်နှစ်အတွင်း လူသန်းပေါင်း ၂၀၀၀ အထိ A (H1N1) တုပ်ကွေးဖြစ်ပွားမည်ဟု မကြာသေးခင်က ခန့်မှန်းချက် ထုတ်ခဲ့သေးသည်။