ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရနှင့် ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့အကြား နယ်ခြားစောင့်တပ်အရေး သဘောကွဲလွဲမှုအပေါ် ညှိနှိုင်းရန်အတွက် မြောက်ပိုင်းစစ်တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် ကချင်ခရစ်ယာန် ဂိုဏ်းပေါင်းစုံတို့ ယမန်နေ့က ဆွေးနွေးခဲ့ကြသည်။
မြစ်ကြီးနား အောင်နန်းရိပ်သာရပ်ကွက်ရှိ ကာသိုလိပ် St. Columban ဘုရားရှိခိုးကျောင်းဓမ္မာရုံတွင် ဆွေးနွေးပွဲ ကျင်းပရာ ဗိုလ်ချုပ်စိုးဝင်းနှင့် ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ မြစ်ကြီးနားမြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ (Myitkyina Christian Council - MCC) ခေါင်းဆောင်များ၊ ကေအိုင်အို ဒုဥက္ကဋ္ဌ-၂ ဒေါက်တာတူးဂျာတို့ ပါဝင်ကာ ၃ နာရီကြာ တွေ့ဆုံခဲ့ကြသည်။
မြောက်ပိုင်းတိုင်းမှူးက ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်ကိုကိုင်ကာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ နောက်ပိုင်း နယ်ခြားစောင့်တပ်ပြောင်းလဲခြင်းမရှိသော ငြိမ်းချမ်းရေးအဖွဲ့များ၏ စစ်တပ်များသည် တရားဝင်တော့မည် မဟုတ်ကြောင်း ပြောဆိုသွားသည်။
နအဖက ကချင်အထူးဒေသ (၂) ကေအိုင်အို၏ စစ်တပ်ဖြစ်သော ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ကို မြန်မာ့တပ်မတော် ကိုယ်စားလှယ်များ အုပ်ချုပ်မှုတွင် ပါဝင်စွက်ဖက်မည့် နယ်ခြားစောင့် တပ်အဖြစ် အသွင်းပြောင်းကာ အင်အားကိုလည်း လျော့ချစေလိုသည်။ သို့သော် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် လက်ရှိအင်အားအတိုင်းထားရှိလိုသော ကချင်ဒေသ၏အကြီးမားဆုံးအဖွဲ့က “ကချင်ဒေသ လုံခြံုရေးတပ်“ (Kachin Regional Guard Force - KRGF) အဖြစ်သာ လုပ်လိုကြောင်း တုံ့ပြန်ထားသည့်နောက် ယခု တွေ့ဆုံမှု ဖြစ်ပေါ်လာခဲ့သည်။
အစည်းအဝေး တက်ရောက်ခဲ့သူတဦးက မဇ္ဈိမသို့ ပြန်လည်ပြောပြရာတွင် “ဗိုလ်ချုပ်စိုးဝင်းက ကေအိုင်အိုတို့ တောင်းဆိုထားတဲ့ KRGF က အဆင့်နိမ့််သွားတယ်၊ ကချင်ပြည်နယ်လောက်ပဲ ဖြစ်သွားမယ်။ အခု သူတို့ပြောတာတွေက အဆင့်မြင့်တယ်ပေါ့။ နိုင်ငံတော်အဆင့်ဖြစ်အောင် လုပ်နေတာတဲ့။KRGF အဆင့်နိမ့်ရင်တော့ အကျိုးမရှိဘူးဆိုပြီး ပြောလာတယ်” ဟု ပါရှိသည်။
အခြားသော အစည်းဝေး တက်သူတဦးကလည်း “တကယ်လို့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလိုက် မယ်ဆိုရင် လက်ရှိ ရှိနေတဲ့ ကေအိုင်အို ဆိုတဲ့ နာမည်တွေက ရှိဦးမလားလို့ မေးတော့၊ ဗိုလ်ချုပ်စိုးဝင်းက မရှိတော့ဘူးလို့ ပြောတယ်။ ကေအိုင်အိုက လျှပ်စစ်ဓာတ်အား ပေးနေတာကတော့ရော ဘယ်လိုလုပ်မလဲလို့ မေးတော့ - ဒါကတော့ ကုမ္ပဏီတခုလို ဆက်လုပ်ပါစေ” ဟု ဖြေကြားခဲ့သည်ဟု ဆိုသည်။
MCC ဥက္ကဋ္ဌ သင်းအုပ်ဆရာကြီး ဇုန်းကယန်း (Rev. Zung Kyang) က ဆွေးနွေးပွဲတွင် စစ်ကို ဆန့်ကျင်ကြောင်းနှင့် ကေအိုင်အို၏ တောင်းဆိုချက်အပေါ် ဆောင်ရွက်ပေးရန် တောင်းဆိုသည်ဟု သိရသည်။
“MCC က အချက် ၂ ချက်ပဲ ပြောတယ်။ အပြစ်မဲ့ စစ်ပွဲ တိုက်ခိုက်မယ်ဆိုရင် လုံးဝ လက်မခံပါ၊ ဆန့်ကျင်ပါတယ်။ နောက် ကေအိုင်အိုက တောင်းဆိုထားတဲ့ ကိစ္စကိုလည်း ဆွေးနွေး ဆောင်ရွက်ပေးပါ၊ သူတို့ လိုအပ်ချက်ကို အလျှော့အတင်း တတ်နိုင်သလောက် ဆွေးနွေးပေးဖို့ ကျနော်တို့ လိုလားပါတယ်” ဟု ကချင်နှစ်ခြင်း အသင်းတော် အကြီးအကဲတဦးက ပြောသည်။
မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း၊ မိုးညှင်း၊ ဖားကန့်၊ ကားမိုင်း၊ တနိုင်း၊ ချီဖွေ၊ ဗန်းမော်မြို့ရှိ ကချင်နှစ်ခြင်း အသင်းတော်၊ ကာသိုလိပ်၊ အင်္ဂလီကန်၊ လွတ်လပ်သော အသင်းတော်တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ခြင်းဖြစ်သည်။
St. Columban ဘုရားကျောင်းမှ ဘုန်းတော်ကြီးတပါးက “အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်ပြီးတော့ သဘောပေါက် နားလည်အောင်၊ နားမလည်တာတွေကို ဆွေးနွေးတယ်။ သူတို့ (နအဖ ကိုယ်စားလှယ်) ကတော့ ကောင်းတဲ့လမ်းစဉ်၊ ငြိမ်းချမ်းရေး တည်မြဲဖို့ရန်အတွက် အားလုံး စည်းစည်းလုံးလုံးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အကောင်အထည်ဖော် ဆောင်မယ်။ စစ်မှန်တဲ့ ဒီမိုကရေစီရရှိအောင်လို့ ပြောတာပဲ” ဟု မဇ္ဈိမကို ပြောပြသည်။
စစ်အစိုးရက ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်းရန် ကမ်းလှမ်းခဲ့သည်။ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် ဖွဲ့စည်းပုံအရ တပ်တခုတွင် အင်အား ၃၂၆ ဦးပါဝင်ပြီး မြန်မာ့တပ်မတော်မှ ကိုယ်စားလှယ်များကိုလည်း အုပ်ချုပ်ရေးအပိုင်းတွင်ပါ လက်ခံရမည် ဖြစ်သည်။
သို့သော် တပ်မဟာ (၅) ခု၊ လှုပ်ရှားမှု တပ်မ (၁) ခုတို့ ဖြင့် ဖွဲ့စည်းထားသော ကေအိုင်အေ အနေဖြင့် ကချင်ပြည်နယ်အတွင်းသာမက ရှမ်းပြည်မြောက်ပိုင်းဒေသတွင်လည်း အခြေပြုနေရာချထားခြင်းကို ငြိမ်းချမ်းရေးရယူစဉ်က သဘောတူညီထားပြီးဖြစ်သည့်အတိုင်း ပြင်ဆင်လိုခြင်းမရှိကြောင်းနှင့် ကေအိုင်အေ အရာရှိ စစ်သည်များသာပါဝင်သော ကချင်ဒေသလုံခြံုရေးတပ်ဟူ၍ ခေါ်ဝေါ် ပြောင်းလဲလိုကြောင်း တုံ့ပြန်ခဲ့သည်။
ထို့အပြင် ၂၀၁၀ ပါတီစုံရွေးကောက်ပွဲပြီးနောက် ပေါ်ပေါက်လာသော အစိုးရသစ်သို့ နအဖက အာဏာလွွှဲပြောင်းရာတွင်လည်း ကချင်ပြည်နယ်အစိုးရ အာဏာသုံးရပ်၌ ကေအိုင်အို အနေဖြင့် တိုက်ရိုက်ပါဝင်ဆောင်ရွက်နိုင်အောင် စီမံထားရန် ပန်ကြားထားသည်။
ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လက်နက်ကိုင်တော်လှန်ခဲ့သော ကေအိုင်အိုသည် ဖေဖော်ဝါရီ ၂၄ ရက်၊ ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ် ရေးထိုးခဲ့သည်။
Published
Thursday, July 30, 2009 - 17:34
မြောက်ပိုင်းတိုင်းမှူးနှင့် ဘာသာရေးခေါင်းဆောင်များ ကချင်တပ်အရေး ဆွေးနွေး
စစ်အစိုးရနှင့် ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့အကြား နယ်ခြားစောင့်တပ်အရေး သဘောကွဲလွဲမှုအပေါ် ညှိနှိုင်းရန်အတွက် မြောက်ပိုင်းစစ်တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် ကချင်ခရစ်ယာန် ဂိုဏ်းပေါင်းစုံတို့ ယမန်နေ့က ဆွေးနွေးခဲ့ကြ ...