ရွှေလီ (မဇျွိမ) ။ ။ မြန်မာနိုင်ငံသို့ နယ်စပ်မှတဆင့် လာရောက်လည်ပတ်မည့် တရုတ် နိုင်ငံသားများသည် ကာကွယ်ရေး ဦးစီးဌာန (ကြည်း) - ကကကြည်း၏ ခွင့်ပြုချက်ဖြင့်သာ ပြည်ဝင်ခွင့် ရရှိတော့သည်။
ယခုလ ၁၆ ရက်နေ့မှ စတင်၍ မြန်မာပြည်တွင်း ခရီးသွားမည့် တရုတ်နိုင်ငံသားများသည် ကကကြည်းသို့ အကြောင်းကြားကာ ခွင့်ပြုချက် ယူရသည်။
''တရုတ်တွေ မြန်မာပြည် သွားမယ်ဆိုလို့ရှိရင် ကကကြည်းကို အကြောင်းကြားစာ ပို့ပြီးမှ သွားခွင့်ရမယ်။ သွားလို့ရှိရင်လည်း သူတို့ကို ခေါ်သွားတဲ့ ဂိုက် (လမ်းပြ) က လားရှိုးအထိ တာဝန်ယူပြီးမှ ခေါ်သွားရမယ်။ သတ်မှတ်ထားတဲ့ရက်မှာ ပြန်ထွက်လာတဲ့ စာရင်းဇယားထဲမှာ မတွေ့ဘူးဆိုရင် တာဝန်ခံခေါ်သွားတဲ့ ဂိုက်(ဧည့်လမ်းညွှန်) ကို ပြန်ပြီး စစ်ဆေးမယ်ပေါ့နော်။ ဂိုက်ကနေပြီးမှပဲ တာဝန်ခံလုပ်ခွင့်ပြုပြီးမှ ဝင်ရမယ်ပေါ့နော်'' ဟု ကုန်သည်များနှင့် နီးစပ်သူတဦးက မဇ္စျိမကို ပြောသည်။
မူဆယ်မြို့ရှိ မြပတ္တမြားခရီးသွားလာရေး အေးဂျင့်မှ တာဝန်ရှိသူတဦးနှင့် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ အဝင်အထွက်ဂိတ်အနီး ကပ်လျက်တည်ရှိသည့် တရုတ်နိုင်ငံ ကြယ်ဂေါင်မြို့တွင် နေထိုင်သူ မြန်မာတဦးကလည်း ပြည်ဝင်ခွင့် အခြေအနေ ထိုကဲ့သို့ ပြောင်းလဲသွားကြောင်း အတည်ပြုပြောဆိုကြသည်။
တရုတ်နိုင်ငံသားများသည် မြန်မာနယ်စပ်ရှိ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) မှတဆင့် နေပြည်တော်ရှိ ကကကြည်းထံသို့ စာရင်းပေးပို့ ပြသရပြီးနောက် ခွင့်ပြုချက်ရမှသာ ဝင်ရောက်ခွင့် ရရှိမည်။ ယခင်ကမူ နှစ်နိုင်ငံ နယ်စပ်ရှိ ခရီးသွားစင်တာများ ပူးပေါင်းဆောင်ရွက်မှုဖြင့် သွားလာနိုင်ခဲ့သည်။
ပြည်ဝင်ခွင့် တင်းကျပ်လာခြင်းမှာ အလည်အပတ် ခရီးသွားဗီဇာဖြင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်သွားသည့် တရုတ်နိုင်ငံသားအချို့သည် တားမြစ်နယ်မြေများကို သွားလာမှုများ ရှိနေခြင်းကြောင့် ဖြစ်သည်ဟု တရုတ်ကုန်သည်များနှင့် နီးစပ်သူက ဆိုသည်။
''အရင်တုန်းကတော့ ရိုးရိုးခရီးသွားလက်မှတ်နဲ့ မန္တလေးဆိုပြီး ဝင်သွားတယ်။ ဖားကန့်လည်း ရောက်ချင်ရောက်တယ်။ ရွှေကျင်းလည်း ရောက်ချင်ရောက်တယ်။ သူတို့သွားချင်တဲ့နေရာ သွားကြတာပေါ့နော်။ အခုကတော့ အဲလို သွားခွင့်မပြုတော့ဘူးဆိုတဲ့ အနေအထားမျိုးပေါ့'' ဟု သူက ပြောသည်။
သို့သော်လည်း မျက်မြင်ကုန်သည်များ ပြောဆိုချက်အရ လက်ရှိတွင် တရုတ် ကျောက်စိမ်းကုန်သည်များမှာမူ မြန်မာနိုင်ငံသို့ ဝင်ထွက်သွားလာမှုများ ဆက်ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ အခြားသော အကြောင်းအရာများဖြင့် ဝင်ရောက်လိုပါက သက်ဆိုင်ရာ ကုမ္ပဏီများ၊ ဌာနများ၏ ဖိတ်ခေါ်စာများ လိုအပ်မည်ဖြစ်သည်။
''မြန်မာနိုင်ငံလာပြီးတော့ သတ္ထုတူးဖော်ဖို့ သွားကြည့်တာတို့၊ လေ့လာစုံစမ်းဖို့ သွားတာတို့၊ ကုမ္ပဏီက မြေကွက်သွားကြည့်တာတို့၊ စီးပွားရေးဆွေးနွေးပွဲ အဲလို ခေါင်းစဉ်တပ်ထားပြီး မြန်မာနိုင်ငံက သက်ဆိုင်တဲ့ ဋ္ဌာနတခုခုက ဖိတ်ခေါ်ရင်တော့ တယောက်ဖြစ်ဖြစ်၊ အုပ်စုလိုက်ဖြစ်ဖြစ် ရတယ်ဗျ။ အဲဒါမျိုးက သံရုံးကို ဗီဇာလျှောက်ပြီးတော့မှ ရတယ်။ နယ်စပ် အလည်အပတ်ခရီးကျတော့ အဲဒါတွေ မလိုတော့ဘူး။ ဟိုဘက်ဒီဘက် Tourism တွေ ပေါင်းပြီး ကြည့်လုပ်ကြတာပါပဲ'' ဟု သူက ဆက်ပြောသည်။
ထို့အပြင် ယခုလဆန်းပိုင်းမှ စတင်၍ နယ်စပ်လမ်းများမှ တရားမဝင် တရုတ်ကုန်တင်သွင်းခြင်းကို ပိတ်ပင်ထားကြောင်း သိရသည်။
Published
Wednesday, July 29, 2009 - 21:52
ကကကြည်းက တရုတ်ခရီးသွားများ ပြည်ဝင်ခွင့် ထိန်းချုပ်
မြန်မာနိုင်ငံသို့ နယ်စပ်မှတဆင့် လာရောက်လည်ပတ်မည့် တရုတ် နိုင်ငံသားများသည် ကာကွယ်ရေး ဦးစီးဌာန (ကြည်း) - ကကကြည်း၏ ခွင့်ပြုချက်ဖြင့်သာ ပြည်ဝင်ခွင့် ရရှိတော့ ...