အဖမ်းရခက်လို့ ရန်ကုန်တွင် ဆိုင်ကယ်စီးနင်းမှု စိစစ်မည်

အဖမ်းရခက်လို့ ရန်ကုန်တွင် ဆိုင်ကယ်စီးနင်းမှု စိစစ်မည်
by -
နီမိုးမြင့်
အများပြည်သူကို ပိတ်ပင်ထားပြီး ထောက်လှမ်းရေးများ အပါအဝင် သီးသန့်အုပ်စုသာ ဆိုင်ကယ်စီးနင်းခွင့် ပြုထားသော ရန်ကုန်မြို့တွင် ဆိုင်ကယ်စီးနင်းခွင့် စိစစ်မှု တိုးမြှင့်သွားဦးမည် ဖြစ် ...

 
ရန်ကုန် (မဇ္ဈိမ)။     ။ အများပြည်သူကို ပိတ်ပင်ထားပြီး ထောက်လှမ်းရေးများ အပါအဝင် သီးသန့်အုပ်စုသာ ဆိုင်ကယ်စီးနင်းခွင့် ပြုထားသော ရန်ကုန်မြို့တွင် ဆိုင်ကယ်စီးနင်းခွင့် စိစစ်မှု တိုးမြှင့်သွားဦးမည် ဖြစ်သည်။
 
စစ်ဘက်ရေးရာ လုံခြံုရေး (စရဖ) များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာ ဝန်ထမ်းအချို့ကိုသာ ဆိုင်ကယ်စီးနင်းခွင့် ပြုထားရာမှ ဟန်ဆောင်စီးနင်းမှု များပြားလာခြင်းကြောင့် ဆိုင်ကယ်စီးနင်းသူ၏ အမည်နှင့် ရာထူးတာဝန်များကို မှတ်တမ်းရယူပြီးမှသာ ခွင့်ပြုချက်ပေးတော့မည် ဖြစ်သည်။
 
“ဝန်ကြီးဌာနတွေကို အကြောင်းကြားစာ ပို့ပြီးသွားပါပြီ။ ဘယ်ဌာနက ဘယ်နှစီးစီးမယ်။ ဘယ်သူတွေ စီးမယ်ဆိုတာကို ကျနော်တို့  မှတ်တမ်းယူမယ်။ အခုက ဆိုင်ကယ်တွေတွေ့ရင်ဘယ်သူ မှန်းမသိဘူး။ ဌာနဆိုင်ရာ ဝန်ထမ်းလိုလို၊ အရပ်သားလိုလို။ ဖမ်းရမှာလား၊ မဖမ်းရဘူးလား။ ဘာလုပ်ရမှန်းကို မသိဘူး”ဟု ရန်ကုန်တိုင်း ယာဉ်ထိန်းရုံးမှ အကြီးတန်း အရာရှိတဦးက မဇ္ဈိမကို ပြောသည်။
 
စစ်အစိုးရ အတိုက်အခံ နိုင်ငံရေးသမားများနှင့် တက်ကြွလှုပ်ရှားသူများကို နောက်ယောင်ခံလိုက်ရာတွင် လုံခြံုရေး တပ်ဖွဲ့ဝင်များက ဆိုင်ကယ်ကို အဓိက အသုံးပြုကြသည်။
 
စရဖ၊ ရဲတို့နှင့် နီးစပ်သူအချို့သည် လိုင်စင်မဲ့ ဆိုင်ကယ်တွင် အဆိုပါ အဖွဲ့အစည်းများ၏ တံဆိပ်များတပ်ဆင်ကာ စီးနင်းမှုများလည်း အများအပြား ရှိသည်ဟုလည်း ရဲတပ်ဖွဲ့ သတင်းရပ်ကွက်အရ သိရသည်။
 
“တခြားဌာနတွေကတော့ ဆိုင်ကယ်ကို ရုံးချိန်တွင်းပဲ စီးရပါတယ်။ နောက်ပြီး ဆိုင်ကယ်စီးရင်လည်း ယူနီဖောင်း အပြည့်အစုံနဲ့မှ စီးလို့ရပါတယ်။ နောက်ပြီး ဌာနဆိုင်ရာတွေကို ဆိုင်ကယ်မသွားရမယ့် လမ်းတွေလည်း ကန့်သတ်ထားပါတယ်။ ဒါပေမဲ့ ယူနီဖောင်း ဝတ်စရာမလိုဘဲ အချိန်ပြည့်စီးခွင့် ရနေတာ၊ သွားချင်တဲ့နေရာ သွားလို့ရနေတာကတော့ ရဲနဲ့ ထောက်လှမ်းရေးတွေပါ” ဟု လမ်းမတော်မြို့နယ် စည်ပင်မှ ဆိုင်ကယ်စီး ဝန်ထမ်းတဦးက ပြောသည်။
 
စစ်အစိုးရ လက်သပ်မွေးထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အဖွဲ့ဝင်အချို့ပါ လိုင်စင်မဲ့ ဆိုင်ကယ်များတွင် အသင်းအမှတ်တံဆိပ် ခြင်္သေ့ တပ်ဆင်ကာ စီးနင်းလာကြသည်ကိုလည်း တွေ့လာရသည်။
 
ဆိုင်ကယ်တိုက်မှု များပြားလာ၍ ကြပ်မတ်ရခြင်းကို တိုးမြှင့်ခြင်း ဖြစ်သည်ဟု ယာဉ်ထိန်း ရဲအရာရှိက ပြောသည်။
 
၂၀၀၉ ခုနှစ် နှစ်စပိုင်းမှ ဧပြီလကုန်အထိ ဆိုင်ကယ်မတော်တဆမှု ၂၅ မှုရှိပြီး သေဆုံးသူ ၈ ဦးအထိ ရှိခဲ့ပြီး၊ ပြီးခဲ့သည့်နှစ် တနှစ်လုံးအတွင်း ဖြစ်ပွားခဲ့သော ဆိုင်ကယ်တိုက်မှု အရေအတွက်ထက် များပြားသည်ဟု ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲရုံးမှ စာရင်းဇယားများအရ သိရသည်။
 
၂၀၀၈ ခုနှစ် တနှစ်ပတ်လုံးတွင် ရန်ကုန်မြို့ ဆိုင်ကယ်မတော်တဆမှု ၂၄ မှု ဖြစ်ပွားခဲ့ပြီး၊ သေဆုံးသူ ၅ ဦးရှိခဲ့ကာ ၂၀၀၇ ခုနှစ်တွင် ဆိုင်ကယ် မတော်တဆမှု ၂၉ မှုနှင့် သေဆုံးသူ ၅ ဦး ရှိခဲ့သည်။

Most read this week