တရုတ်ကုန်များ ပိတ်ပင်သဖြင့် နယ်စပ် ကားပြေးဆွဲမှု ထက်ဝက်ကျော် ကျဆင်း

တရုတ်ကုန်များ ပိတ်ပင်သဖြင့် နယ်စပ် ကားပြေးဆွဲမှု ထက်ဝက်ကျော် ကျဆင်း
by -
မျိုးကြီး
တရုတ်ကုန်များ တင်သွင်းမှုကို မြန်မာဘက်က ပိတ်ပင်လိုက်သဖြင့် တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးတွင် ဒုတိယအကြီးဆုံး လမ်းကြောင်းဖြစ်သည့် ကချင်ပြည်နယ် ဗန်းမော်-လွယ်ဂျယ်လမ်း ခရီးသည်တင်လိုင်းကား ပြေးဆွဲမှုမှာ ထက်ဝက်ကျော် ကျဆင်းသွား ...

 
ရွှေလီ (မဇ္စျိမ) ။     ။ တရုတ်ကုန်များ တင်သွင်းမှုကို မြန်မာဘက်က ပိတ်ပင်လိုက်သဖြင့် တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးတွင် ဒုတိယအကြီးဆုံး လမ်းကြောင်းဖြစ်သည့် ကချင်ပြည်နယ် ဗန်းမော်-လွယ်ဂျယ်လမ်း ခရီးသည်တင်လိုင်းကား ပြေးဆွဲမှုမှာ ထက်ဝက်ကျော် ကျဆင်းသွားသည်။
 
ယခုလဆန်းမှစတင်၍ တရုတ်ဘက်ခြမ်း ကျန်းဖုန်းမြို့နှင့် ကပ်လျက်ရှိ လွယ်ဂျယ်မြို့မှတဆင့် ကချင်ပြည်နယ် ဗန်းမော်သို့ တရုတ်ကုန်ပစ္စည်း တင်သွင်းခွင့်ကို အာဏာပိုင်များက တားမြစ်ခဲ့ရာမှ ယခုလို အသွားအလာများ ထူးကဲစွာ ကျဆင်းသွားရခြင်း ဖြစ်သည်။
 
ဗန်းမော်-လွယ်ဂျယ်ကားလိုင်းတွင် စိန်လုံတောင်တန်းနှင့် ရွှေလှေခါးလိုင်းတို့ရှိရာ ကားအစီးရေ ရ၀ ကျော် ရှိသည့်အနက် ယခုအခါ ၂၀ ကျော်သာ ပြေးဆွဲနေတော့သည်။
 
ရွှေလှေခါးကားလိုင်းမှ ယာဉ်မောင်းတဦးက “နားထားရတဲ့ကား တော်တော်များနေပြီ။ အစီး ရ၀ ကျော် ၈၀ ရှိတာ၊ အစီး ၂၀ လောက်ပဲ ပြေးနိုင်တော့တယ်။ မကိုက်တော့တာ။ အကုန်လုံး နားထားရတယ်” ဟု ပြောသည်။
 
လိုင်းကားများသည် ဟိုင်းလပ်စ်ကားနှင့် မှန်လုံကားများဖြစ်ကြရာ ဟိုင်းလပ်စ်ကားမှာ အများဆုံး ဖြစ်သည်။
 
ဗန်းမော်မြို့မှ မှန်လုံကားသမားတဦး၏ ဇနီးသည်က “ကားတွေနားထားရတာ တပတ်ကျော်လောက်တော့ ရှိပြီ။ ကျမတို့ကားတော့ ဒီတရက်နှစ်ရက်တော့ ပြန်ပြီး စမ်းပြေးကြည့်နေတယ်” ဟု ပြောသည်။
 
ဗန်းမော်-လွယ်ဂျယ် ကားလမ်းတလျှောက် ဂိတ်တာဝန်ကျများက ကားသမားများထံမှ ငွေတောင်းယူမှုများ ရှိသည့်အပေါ် နေပြည်တော်အထိ တိုင်ကြားခံရသဖြင့် တရုတ်ကုန် သယ်ယူခွင့် အပိတ်ခံရခြင်း ဖြစ်သည်။
 
“ဒီလဆန်းပိုင်းလောက်ကပဲ လွယ်ဂျယ် နကသ (နယ်စပ်ကုန်သွယ်ရေး) ညွှန်မှူးက နေပြည်တော်အထိ အောက်ခြေဝန်ထမ်းတွေ မသမာမှုကို တိုင်လိုက်တယ်။ နေပြည်တော်အထိ တိုင်တယ်ဆိုတော့ ဒီမှာ လာကြပ်မတ်လာတော့ ကုန်သည်တွေ မသွားနိုင်တော့တာပေါ့” ဟု ဟု လွယ်ဂျယ်မြို့ရှိ ကုန်သည်တဦးက ပြောသည်။
 
သူက ဆက်ပြီး “ကားတွေကို ပိတ်လို်က်တာတော့ မဟုတ်ဘူး။ တရုတ်ကုန်ကို ပိတ်တာ။ ခရီးသည်တင် ကားတွေကတော့ ပြေးနေတာပါပဲ။ ဒါပေမဲ့ အရင်ကထက်တော့ အများကြီး နည်းသွားတယ်။ သွားထိတာက ကုန်သည် အလတ်၊ အငယ်တွေနဲ့ ဝန်ထမ်းတွေ အထိနာတာပေါ့။ ကုန်သည်ကြီးတွေကတော့ ကားအစီးလိုက် သွားနေတာပဲ” ဟု ပြောသည်။
 
ရွှေလှေခါး ကားလိုင်းမှ ကားမောင်းကလည်း “ပစ္စည်းကတော့ အများကြီးတော့ မရဘူးဗျ။ original လောက်ပဲ ရတော့တာပေါ။ အခုက ဝန်ထမ်းတွေဘက်က နည်းနည်း ချို့ယွင်းချက်ရှိလို့ ပစ္စည်းတွေ ဝင်လို့မရတော့ဘူး။ နည်းနည်း ပိတ်ထားတာပေါ့။ အရင်အခြေအနေနဲ့ အများကြီး ကွာသွားတယ်ခင်ဗျ။ ကုန်သည် အသွားအလာက ပါးသွားပြီလေ။ ဆီဖိုးလောက်ပဲ ရတာပေါ့။ ၄-၅-၆ သောင်းဖိုးလောက်ပဲ ရတာပေါ့” ဟု သူက ပြောသည်။
 
လွယ်ဂျယ် နကသ ညွှန်မှူးက တိုင်ကြားခဲ့ပြီးနောက် တရုတ်ကုန်များ အပိတ်ခံခဲ့ရသော်လည်း ဝန်ထမ်းများအား အရေးယူတာမျိုး မရှိသေးဘဲ နယ်ပြောင်းသည်များဘရှိကြောင်း သိရသည်။
 
လွယ်ဂျယ်မြို့ ကုန်သည်က “ဖမ်းတာတို့၊ နေရာပြောင်းလိုက်တာတို့တော့ မကြားဘူး။ ဒါပေမဲ့လည်း အထက်က ကြပ်မတ်တဲ့အခါကျတော့ တင်လို့မရတော့တာပေါ့။ လွယ်ဂျယ်က ဝန်ထမ်းတော်တော်များများက ဒီကိစ္စကို မကျေနပ်ကြဘူး” ဟု ပြောသည်။
 
တရုတ်-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းများဖြစ်သော ဗန်းမော်-လွယ်ဂျယ်၊ ဗန်းမော်-လိုင်ဇာ လမ်းများတွင် ယခင်ကတည်းက ဂိတ်တာဝန်ကျများက ကားသမားများထံ ငွေတောင်းယူမှုများ ရှိနေသော်လည်း ယခုအခါမှ တရုတ်ကုန်ပစ္စည်း သယ်ဆောင်ခွင့်ကို ပိတ်ပင်လိုက်သည်မှာ ထူးခြားလျက်ရှိသည်ဟု နှစ်နိုင်ငံ နယ်စပ်နေ လေ့လာသူများက ဆိုသည်။
 
ယခုလဆန်းပိုင်းအတွင်း ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးသည် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး တခုဖြစ်သည့် မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်သို့ ရောက်ရှိခဲ့ပြီးနောက်ပိုင်း တရုတ်ကုန်များ ပိတ်ပင်ခံရခြင်းလည်း ဖြစ်သည်။