ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် တောင်းဆိုနေခြင်းသည် အဓိပ္ပါယ်မဲ့ပြီး တရားနည်းလမ်း မကျကြောင်း စစ်အစိုးရ၏ ယမန်နေ့နှင့် ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်-အန်အယ်ဒီ၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး၊ အရှေ့တောင်အာရှနိုင်ငံများအသင်း - အာဆီယံ အပါအဝင် အမေရိကန်အစိုးရ၏ သဘောထားနှင့် ဆန့်ကျင်၍ ရေးသားဖော်ပြလာခြင်းဖြစ်သည်။
“နိုင်ငံတော်အပိုင်းက ကျနော််တို့နိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိပါဘူးလို့ အကြိမ်ကြိမ် ပြောခဲ့ပြီးပါပြီ” ဟု ကလောင်ရှင် လူသစ် ဆိုသူက သတင်းစာများ၌ ရေးသည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး မစ္စတာဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ ယခုလ (၃-၄) ရက်များတွင် လာရောက်ခဲ့ပြီး နောက် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
အာဆီယံအဖွဲ့ကြီးကလည်း မကြာသေးမီက ထိုင်းနိုင်ငံ ဖူးခက်မြို့တွင် ကျင်းပခဲ့သော ဒေသဆိုင်ရာ အစည်းအဝးကြီးမှတဆင့် ထုတ်ပြန်တောင်းဆိုခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စကလင်တန်ကလည်း ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခြင်းမရှိပါက မြန်မာနှင့် အမေရိကန်ကြား ဆက်ဆံရေးအား ပိုမိုလေးနက်စွာ ထိခိုက်နိုင်မည်ဖြစ်ကြောင်း ပြောသည်။
သို့သော် နအဖ ၏ မြန်မာ့အလင်းသတင်းစာကမူ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အတိုက်အခံများနှင့် နိုင်ငံတကာက ရည်ညွှန်းနေသော နိုင်ငံရေးအကျဉ်းသားများဆိုသည်မှာ ဒီမိုကရေစီအရေးဆောင်ရွက်သဖြင့် “နိုင်ငံရေးပြစ်မှု” ဖြင့် အရေးယူခံရခြင်းမဟုတ်ပဲ နိုင်ငံတော် တည်ငြိမ်ရေးကို ထိခိုက်ပျက်ပြားစေသည့် ဥပဒေအပါအဝင် တည်ဆဲဥပဒေများကို ဖောက်ဖျက်သောကြောင့် ဖမ်းဆီးထားသူများ ဖြစ်သည်ဟု ဖော်ပြထားသည်။
ထို့အပြင် (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေအား တွေ့ဆုံဆွေးနွေးပြီး ပြန်လည်သုံးသပ်ရန် လိုအပ်သည်ဟု အန်အယ်ဒီက တောင်း ဆိုထားမှုသည်လည်း စစ်အစိုးရက မဖြစ်မနေ ဆက်လက် အကောင်အထည်ဖော်မည့် “မူဝါဒလမ်းစဉ် (၇) ရပ်” အား နှောင့်နှေး၊ ပျက်ပြားစေရန် ကြိုးစားနေခြင်းသာဖြစ်သည်ဟုလည်း စွပ်စွဲရေးသားထားသည်။
အန်အယ်ဒီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်နိုင်ငံသား ဂျွှန်ဝီလျံ ယက်တော သူမ၏ နေအိမ် အတွင်း ခိုးဝင်သည်ကို အကြောင်းပြု၍ “နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့် ရှောက်ရေး ဥပဒေ ပုဒ်မ ၂၂” ဖြင့် စွပ်စွဲ၍ အင်းစိန်ထောင်၌ ရုံးတင်စစ်ဆေးလျက်ရှိသည်။
ယနေ့သည် အပြီးသတ်လျှောက်လဲရမည့်နေ့ဖြစ်သည်။
၁၉၉၀ ခု အထွေထွေရွေးကောက်ပွဲကြီးတွင် အန်အယ်ဒီ ပါတီက ထောက်ခံမဲ အမြောက်အများဖြင့် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက ရွေးကောက်ပွဲရလဒ်အား ယနေ့အထိ အသိမှတ်ပြု အာဏာလွှဲပြောင်းပေးခြင်းမရှိသေးပေ။
ယင်းကြောင့် မြန်မာ့နိုင်ငံရေးတွင် အမဲစက်ဖြစ်မည်ကို စိုးရိမ်သဖြင့်ဟုဆိုကာ ၁၉၉ဝ ခု ရွေးကောက်ပွဲရလဒ်အား တနည်းနည်းဖြင့် အသိအမှတ်ပြုပေးရန် အန်အယ်ဒီပါတီက တောင်းဆိုထားသည်။
သို့သော် စစ်အစိုးရ၏ ယမန်နေ့နှင့် ယနေ့ထုတ် သတင်းစာများကမူ ၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်သည် အလိုအလျောက် ပျက်ပြယ်သွားပြီဖြစ်ကြောင်း၊ ၁၉ နှစ်ကျော် “Date အောက်” နေသည့်ရလဒ်ကို ပြည်သူများက ပြန်လှည့်ကြည့်တော့မည် မဟုတ်ကြောင်း ဖော်ပြကြသည်။
ထို့အပြင် နအဖက ဦးဆောင်၍ ကျင်းပခဲ့သော အမျိုးသားညီလာခံမှ ထွက်ခွာသွားသဖြင့် “တွေ့ဆုံဆွေးနွေးရေး” ဆိုသည်မှာ လည်း “လုံးဝအဓိပ္ပါယ်မရှိ”သည့်အခြေအနေကို ရောက်နေပြီဖြစ်သည်ဟု ရေးသားထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အမှုကိစ္စသည် တရားရုံးနှင့်သာ သက်ဆိုင်သဖြင့် တရားရုံးက အပြစ်ရှိကြောင်း တွေ့လျင် ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူမှုကို ခံရမည်ဖြစ်ကြောင်း၊ အပြစ်မရှိကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့လျင် တရားရုံးက ဥပဒေနှင့်အညီ ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်းပါ ကလောင်ရှင် လူသစ်၏ ဆောင်းပါးတွင် ဖော်ပြသည်။
သို့သော် ကုလသမဂ္ဂအပါအဝင် မြန်မာနိုင်ငံရေး အတိုက်အခံများ၊ ရှေ့နေများ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် နိုင်ငံတကာ ကမူ စစ်အစိုးရသည် နိုင်ငံတကာဥပဒေများကို ချိုးဖောက်နေသည်သာမက ပြည်တွင်းဥပဒေကိုပင် လိုက်နာခြင်းမရှိပဲ သဘော ထားကွဲလွဲသူများကို ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်း၊ ရပ်ဝေးအကျဉ်းထောင်များသို့ ပို့ဆောင်ခြင်းများ လုပ်နေကြောင်း ပြောဆိုကြသည်။
မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် မတရားဖမ်းဆီး အကျဉ်းချခြင်းခံနေရသူ နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP-B က ထုတ်ပြန်ထားသည်။
Published
Friday, July 24, 2009 - 18:48
ဒေါ်စုကို လွှတ်ပေးရန် တောင်းဆိုခြင်း နည်းလမ်းမကျဟု စစ်အစိုးရ သတင်းစာက ရေးသား
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် တောင်းဆိုနေခြင်းသည် အဓိပ္ပါယ်မဲ့ပြီး တရားနည်းလမ်း မကျကြောင်း စစ်အစိုးရ၏ ယမန်နေ့နှင့် ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြ ...