နယူးဒေလီ။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် အင်းစိန်ထောင်အတွင်း တရားခွင်၌ ယနေ့တွင် နောက်ဆုံး လျှောက်လဲချက် ကြားနာရာသို့ ဗြိတိန်၊ ဂျာမဏီ၊ ပြင်သစ်နှင့် အီတလီ သံတမန်များကို မြန်မာစစ်အစိုးရက တက်ရောက်ခွင့် ပေးလိုက်သည်။
အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင် တရားရုံးက ဒေါ်အောင်ဆန်းစုကြည်အမှုကို အများအားဖြင့် တံခါးပိတ်နည်းဖြင့် စစ်ဆေးကြားနာမှုများ ပြုလုပ်ခဲ့သည့်အနက် သံတမန်များကို တက်ရောက်ခွင့် ပေးခြင်းသည် ယခုအကြိမ်နှင့်ဆိုလျှင် ဒုတိယမြောက် ဖြစ်သည်။ ယခင်ကလည်း ရွေးချယ်ထားသည့် သံတမန်တချို့နှင့် သတင်းထောက်တချို့ကို တက်ရောက်ခွင့် ပေးခဲ့သေးသည်။
''ဒီတခါတော့ သူတို့ (အာဏာပိုင်များ) က ကျနော်တို့ကို ဖိတ်ကြားတာမျိုး၊ အကြောင်းကြားတာမျိုး မရှိပါဘူး။ ဒါပေမဲ့ နောက်ဆုံး ကြားနာပွဲကို တက်ရောက်ဖို့ တောင်းခံခဲ့တဲ့ သံတမန်တွေကိုတော့ အစိုးရက ခွင့်ပြုချက် ထုတ်ပေးခဲ့တယ်'' ဟု ရန်ကုန်ရှိ စာနယ်ဇင်းသမားတဦးက မဇ္စျိမကို ပြောသည်။
အင်းလျားကန်မှ ရေကူးကာ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း မဖိတ်ခေါ်ဘဲ တိတ်တဆိတ် ဝင်ရောက်ခဲ့သည့် ဂျွန် ဝီလျံ ယက်တော၏ နိုင်ငံဖြစ်သည့် အမေရိကန်မှ သံရုံးအရာရှိကိုမူ တရားရုံးချိန်းရှိတိုင်း တောက်လျှောက် တက်ရောက်ခွင့် ရရှိခဲ့သည်။
''ကျနော် အတည်ပြုနိုင်သလောက်ကတော့ ဗြိတိန်၊ ဂျာမဏီ၊ ပြင်သစ်နဲ့ အီတလီကို တရားခွင်ထဲ တက်ခွင့် ပေးထားတယ်'' ဟု ရန်ကုန်ရှိ သတင်းရပ်ကွက်တခုက မဇ္စျိမကို ပြောသည်။
ယနေ့ တရားရုံးက နှစ်ဖက် တရားဆိုင်ရှေ့နေများ၏ အပြီးသတ် လျှောက်လဲချက်များကို ကြားနာသွားမည် ဖြစ်သည်။ တရားရုံးသို့ တင်သွင်းရန် ၂၃ မျက်နှာပါ လျှောက်လဲချက်ကို ပြင်ဆင်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက မဇ္စျိမကို ပြောသည်။
ယနေ့ တရားခွင်မှ ဆုံးဖြတ်ချက်တရပ် ထွက်ပေါ်လာနိုင်ကြောင်း မျှော်လင့်ရသည်။ သို့သော်လည်း အကဲခတ်များကမူ တရားရုံးအနေဖြင့် ဆုံးဖြတ်ချက် ထုတ်ပြန်သည့် အခြား နေ့ရက်တရက်ကို သတ်မှတ်ပြီးဖြစ်ကြောင်း ယုံကြည်နေကြသည်။
အင်းစိန်ထောင်ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ၊ ထောက်ခံအားပေးသူများနှင့် နိုင်ငံရေးလေ့လာသူများ အများအပြားသည် စုပြံုရောက်ရှိနေကြကာ ယနေ့ တရားခွင်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြကြောင်း ရန်ကုန်ရှိ စာနယ်ဇင်းသမားက ပြောသည်။
Published
Friday, July 24, 2009 - 18:47
ဒေါ်စုအမှု တံခါးပိတ် တရားခွင်သို့ သံတမန်များ တက်ရောက်ခွင့်ရ
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် အင်းစိန်ထောင်အတွင်း တရားခွင်၌ ယနေ့တွင် နောက်ဆုံး လျှောက်လဲချက် ကြားနာရာသို့ ဗြိတိန်၊ ဂျာမဏီ၊ ပြင်သစ်နှင့် အီတလီ သံတမန်များကို မြန်မာစစ်အစိုးရက တက်ရောက်ခွင့် ပေး ...