ချင်းမိုင် (မဇ္ဈိမ)။ ။ နာဂစ် လေဘေး ဒုက္ခသည်များကိစ္စ သတင်းလိုက်ယူသဖြင့် အင်းစိန်ထောင်၌ ထောင်ဒဏ် ရ နှစ် ကျခံနေရသူ ကိုကျော်ကျော်သန့်သည် ဦးနှောက် အာရုံကြောရောဂါ ခံစားနေရသည်ဟု မိသားစုဝင်များက ပြောသည်။
အသက် ၃၀ နှစ်အရွယ် သူသည် ပြီးခဲ့သည့် လကုန်ပိုင်းမှ စတင်၍ အဆိုပါ ဝေဒနာ ခံစားနေရခြင်းဖြစ်ပြီး ထောင်ဆေးမှူးက ပေးသည့် ဆေးသောက်နေသော်လည်း မသက်သာသဖြင့် မိသားစုက စိုးရိမ်နေကြသည်။
“ညဘက် ခေါင်းတွေကိုက်လို့ အိပ်လို့ မရဘူး။ ဆေးခန်းပြတာလည်း ၃ ခါ ရှိပြီ။ ပထမ တခါ ပြတာ အိပ်ဆေးပေးတယ်။ မသက်သာဘဲ ပိုတောင် ကိုက်လာတယ်လို့ ပြောတယ်။ နောက်တခေါက်ပြတော့ အားဆေး B 12 ပေးတယ်။ ပိုဆိုးလာပြီး မျက်နှာတွေ၊ မျက်လုံးတွေပါ ယောင်လာတယ်။ မျက်နှာ ချောင်ကျပြီး အားနည်းနေတဲ့ပုံပဲ” ဟု မိသားစုဝင်တဦးက မဇ္ဈိမကို ပြောသည်။
ယနေ့ ထောင်ဝင်စာ သွားတွေ့ရာ လူချင်းမတွေ့ရဘဲ ပစ္စည်းသာ ပို့ခွင့်ရခဲ့သဖြင့် ဦးနှောက် အာရုံကြောဆေး၊ အားဆေး၊ အကိုက်အခဲပျောက်ဆေးများ ပေးထားခဲ့သည်။
ရန်ကုန် နည်းပညာ တက္ကသိုလ်မှ BE (civil) ဘွဲ့ရထားသူ ကိုကျော်ကျော်သန့်သည် ပြည်တွင်း ဂျာနယ်အချို့တွင် အယ်ဒီတာနှင့် ဘာသာပြန် လုပ်ငန်းများ လုပ်ဆောင်ခဲ့သူဖြစ်သည်။
သူသည် ပြီးခဲ့သည့်နှစ် နာဂစ်မုန်တိုင်းအပြီး ဇွန်လ ၁၀ ရက်နေ့တွင် တောင်ဒဂုံမြို့နယ်မှ လေဘေးဒုက္ခသည် ဦးရေ ၃၀ ခန့်က ရန်ကုန်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့၌ ရွက်ဖျင်တဲ အကူအညီ တောင်းခံကြသည်ကို သတင်းလိုက်ယူရင်း အဖော်ဖြစ်သူ Ecovision ဂျာနယ်မှ သတင်းထောက် မအိမ့်ခိုင်ဦးနှင့်အတူ အဖမ်းခံခဲ့ရသည်။
ထို့နောက် သူ့အား နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ပုဒ်မ ၁၃ (က) တို့ဖြင့် ထောင်ဒဏ် ရ နှစ် ချမှတ်ခဲ့သည်။ မအိမ့်ခိုင်ဦးမှာမူ ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်ချခံခဲ့ရပြီး အင်းစိန်ထောင်၌ပင် ချုပ်နှောင်ခံထားရသည်။
ကိုကျော်ကျော်သန့်၏ အမှုနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် မေလ၌ အယူခံတင်ခဲ့သော်လည်း အရှေ့ခရိုင် တရားရုံးက ပယ်ချခဲ့သည်။ ယခင်လအတွင်းက ရန်ကုန် တိုင်းတရားရုံးသို့ ထပ်မံ၍ အယူခံတင်ရာ ပယ်ချခံရပြန်သည်။
သို့သော် မိသားစုဝင်များက သူ၏ ကျန်းမာရေးကို စိုးရိမ်သဖြင့် ပြင်ပဆေးခန်းတွင် ဆေးကုသခံယူနိုင်ရေး လိုလားနေကြပြီး အယူခံကိုလည်း လာမည့်လတွင် ဗဟိုတရားရုံးသို့ ဆက်လက်၍ တင်သွင်းသွားရန် ပြင်ဆင်နေကြသည်။
“ဦးနှောက်ထဲ ဖြစ်နေတာကို သေသေချာချာ ECG ဓာတ်မှန်ရိုက်ပြီး ကုသချင်တယ်။ ရောဂါရဲ့ အဖြေက ဆရာဝန်တွေပဲ သိနိုင်မယ်ဆိုတော့ မိသားစုတွေက စိတ်ပူပန်ရုံကလွဲပြီး ဘာမှ မတတ်နိုင်ဘူး။ အာဏာပိုင်တွေအနေနဲ့ သားသမီးချင်း ကိုယ်ချင်းစာပေးစေချင်ပါတယ်လေ” ဟု အဆိုပါ မိသားစုဝင်က ပြောသည်။
ကိုကျော်ကျော်သန့်၏ အမှုနှင့်ပတ်သက်၍ ဥပဒေအကျိုးဆောင်ပေးခဲ့သူ တရားရုံးချုပ် ရှေ့နေကြီး ဦးခင်မောင်ရှိန်ကိုလည်း အာဏာပိုင်များက တရားရုံးအား မထေမဲ့မြင်ပြုသည်ဟု စွပ်စွဲကာ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ထောင်ဒဏ် ၄ လ ပြစ်ဒဏ်ချခဲ့သည်။
ဦးခင်မောင်ရှိန်သည် ဧရာဝတီတိုင်း မြောင်းမြထောင်မှ ယခုနှစ် မတ်လတွင် ပြန်လွတ်လာပြီးနောက် မေလအတွင်း၌ ရှေ့နေလိုင်စင် ရုပ်သိမ်းခံခဲ့ရသည်။
ယခုအခါ ကိုကျော်ကျော်သန့်၏ အမှုကို တရားရုံးချုပ်ရှေ့နေ ဦးဇော်မင်းက လိုက်ပါ ဆောင်ရွက်ပေးနေသည်။
Published
Thursday, July 23, 2009 - 19:14
လေဘေးဒုက္ခသည်အရေး သတင်းလိုက်သူ ထောင်ထဲမှာ ရောဂါဝေဒနာ ခံစားနေရ
နာဂစ် လေဘေး ဒုက္ခသည်များကိစ္စ သတင်းလိုက်ယူသဖြင့် အင်းစိန်ထောင်၌ ထောင်ဒဏ် ရ နှစ် ကျခံနေရသူ ကိုကျော်ကျော်သန့်သည် ဦးနှောက် အာရုံကြောရောဂါ ခံစားနေရသည်ဟု မိသားစုဝင်များက ပြော ...