အာဆီယံ၏ လူ့အခွင့်အရေး ကြေညာစာတမ်းမူကြမ်း ဝေဖန်ခံနေရ

အာဆီယံ၏ လူ့အခွင့်အရေး ကြေညာစာတမ်းမူကြမ်း ဝေဖန်ခံနေရ
by -
မုံပီး
အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ကြီး - အာဆီယံ၏ နိုင်ငံခြားရေး ဝန်ကြီးများက ဤအဖွဲ့ကြီး၏ လူ့အခွင့်အရေးအဖွဲ့ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ယနေ့တွင် အတည်ပြုကြမည် ဖြစ်သော်လည်း ဤလူ့အခွင့်အရေးအဖွဲ့သည် ...

နယူးဒေလီ (မဇ္ဈိမ)။     ။ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ကြီး - အာဆီယံ၏ နိုင်ငံခြားရေး ဝန်ကြီးများက ဤအဖွဲ့ကြီး၏ လူ့အခွင့်အရေးအဖွဲ့ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ယနေ့တွင် အတည်ပြုကြမည် ဖြစ်သော်လည်း ဤလူ့အခွင့်အရေးအဖွဲ့သည် `စကားပြောပွဲ` သက်သက်မျှသာ မဖြစ်သင့်ကြောင်းဖြင့် လှုပ်ရှားတက်ကြွသူများက ဝေဖန်လိုက်ကြသည်။
 
ဤသို့ လူ့အခွင့်အရေးဆိုင်ရာ ယန္တရားတရပ်ကို အာဆီယံအဖွဲ့ကြီးက အစပြု ထူထောင်လိုက်ခြင်းမှာ အပြုသဘောဆောင်သော်လည်း စာရွက်ပေါ်တွင်သာရှိသော သဘောတူညီချက် သက်သက်မျှ မဖြစ်သင့်ကြောင်းဖြင့် နယူးရောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ - Human Rights Watch ၏ မြန်မာပြည်ဆိုင်ရာ သုတေသီ ဒေးဗစ်စကော့မက်သီဆင် - David Scott Mathieson က ပြောကြားသည်။
 
ထိုင်းနိုင်ငံ အပန်းဖြေကျွန်း ဖူးခက်တွင် ကျင်းပနေသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်လာကြသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက ဤအဖွဲ့ကြီး၏ အဖွဲ့သစ်ဖြစ်သော လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ Terms of Reference – ToF ကို ယနေ့တွင် ထောက်ခံ အတည်ပြုကြလိမ့်မည် ဖြစ်သည်။
 
ဤအဖွဲ့ကြီးက အဖွဲ့တွင်း လူ့အခွင့်အရေးဆိုင်ရာ ယန္တရားတရပ် ထူထောင်ရာတွင် အကြီးမားဆုံးသော စိန်ခေါ်ချက်မှာ အဖွဲ့ဝင်နိုင်ငံအားလုံးက ဤအဖွဲ့အပေါ် အသေအချာ အာမခံရမည်ဖြစ်ပြီး အဖွဲ့ဝင်များအပေါ်လည်း သက်ရောက်မှု ရှိရမည်ဟု မက်သီဆန်က ပြောသည်။
 
အဖွဲ့တွင်း ပထမဆုံး ပေါ်ပေါက်လာသော ဤလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးကို လူ့အခွင့်အရေး လှုပ်ရှားသူများက သြဘာပေး ကြိုဆိုကြသော်လည်း လုပ်ပိုင်ခွင့်များတွင် ချို့ယွင်းအားနည်းချက််များ ရှိနေမည်ကို စိုးရိမ်ကြသည်။ ထို့ပြင် ဒေသတွင်း ပေါ်ပေါက်နေသော လူ့အခွင့်အရေးကိစ္စများကို ကိုင်တွယ်ရန် ဤလူ့အခွင့်အရေး အဖွဲ့တွင် အာဏာများ ပိုမိုပေးအပ်ထားခြင်းဖြင့် ခိုင်မာတောင့်တင်းအောင် လုပ်ဆောင်ရန် လိုအပ်သည်ဟုလည်း ပြောဆိုကြသည်။
 
AHRB ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ မူကြမ်းတွင် အဖွဲ့၏ ရည်ရွယ်ချက်မှာ `အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ အခြေခံလွတ်လပ်မှုနှင့် လူ့အခွင့်အရေးများကို မြှင့်တင်ရန်နှင့် ကာကွယ်ရန်ဖြစ်သည်´ ဟု ရေးသားထားသည်။
 
ပြည်သူတို့၏ အခြေခံအခွင့်အရေးများကို ကာကွယ်ရမည်ဖြစ်ပြီး၊ အခြားအခွင့်အရေးများကို မြှင့်တင်ရမည်ဖြစ်ကြောင်း အခွင့်အရေးလှုပ်ရှားသူများက ပြောဆိုကြပြီး၊ ဤအဖွဲ့အနေဖြင့် လူ့အခွင့်အရေး ပြဿနာများအပေါ် ကိုင်တွယ်နိုင်ပါ့မလားဆိုသည့် သူတို့၏ သံသယကိုမူ ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
 
ဤလူ့အခွင့်အရေးအဖွဲ့သည် လူ့အခွင့်အရေး ကာကွယ်နိုင်မှုမရှိသလို၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေး၍ အစီရင်ခံစာတင်သွင်းနိုင်သည့် ကာကွယ်မှုမျိုး မပါကြောင်းနှင့် ထို့ကြောင့် လူ့အခွင့်အရေး ချိုးဖောက်သူများအပေါ် ထိရောက်စွာ အရေးယူနိုင်မှုမရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့လူ့အခွင့်အရေး လှုပ်ရှားသူ ဦးအောင်မျိုးမင်းက ပြောသည်။
 
''ဒီအတိုင်းသာသွားမယ်ဆိုရင် ဒီအဖွဲ့မှာ အခွင့်အရေး ချိုးဖောက်ကျူးလွန်သူတွေကို အရေးယူခွင့်၊ ပြစ်တင်ရှုတ်ချနိုင်ခွင့်ရှိတဲ့ ယန္တရားတစုံတရာလည်း ရှိမှာမဟုတ်ဘူး။ မြန်မာနိုင်ငံလို နိုင်ငံတွေကို ဖိအားပေးနိုင်မယ့် ယန္တရားတစုံတရာလည်း ရှိမှာမဟုတ်ဘူး'' ဟု ဦးအောင်မျိုးမင်းက ပြောသည်။
 
လက်ရှိ ရေးဆွဲထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ထောက်ခံအတည်ပြုရန် မြန်မာ စစ်အစိုးရအနေဖြင့် ဘာမှပြဿနာမရှိဘဲ၊ ဝမ်းမြောက်ဝမ်းသာ အတည်ပြုမည်သာ ဖြစ်ကြောင်းနှင့် သူတို့အနေဖြင့် အာဆီယံ လူ့အခွင့်အရေးအဖွဲ့ကြီးကို ထောက်ခံအတည်ပြုပြီးဖြစ်ကာ နိုင်ငံတကာ၏ ဝေဖန်မှုများကို ပြန်လှန်ချေပနိုင်မည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။
 
အာဆီယံ အနေဖြင့် သူတို့အဖွဲ့၏ လူ့အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်းတရပ် ပေါ်ထွက်လာရေး ဦးတည်လုပ်ဆောင်သင့်ကာ၊ အဖွဲ့ဝင်နိုင်ငံများ ကိုယ်တိုင်ကလည်း လူ့အခွင့်အရေး ကာကွယ်ရေးအတွက် ကတိကဝတ်ပြု အာမခံရမည်ဖြစ်ပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိလာပါက စုံစမ်းစစ်ဆေး၍ အစီရင်ခံတင်ပြ တိုင်ကြားနိုင်ခွင့်ရှိသည့် ကော်မရှင်တရပ် ရှိရမည်ဖြစ်ကြောင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်သူများကို ရုံးတင်စစ်ဆေး အပြစ်ပေးနိုင်မည့် တရားရုံးတခုကိုလည်း ထူထောင်ရမည်ဖြစ်ကြောင်း ဦးအောင်မျိုးမင်းက ဆိုသည်

ဤသို့ ဝေဖန်မှုများ ရှိနေလင့်ကစား အချို့ကမူ အာဆီယံ၏ လူ့အခွင့်အရေးအဖွဲ့ ပေါ်ပေါက်လာခြင်းသည် အဖွဲ့ဝင်နိုင်ငံတနိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုရဆိုသည့် အစဉ်အလာကို ထိန်းသိမ်းထားသည့် အာဆီယံအနေဖြင့် ပထမဆုံး ပေါ်ပေါက်လာသည့် ထူးခြားသည့် လှုပ်ရှားမှုတရပ်ဖြစ်ကြောင်းနှင့် နောင်တွင် ထိရောက်သည့် အဖွဲ့တရပ်အဖြစ် တိုးတက်ဖြစ်ပေါ်လာမည်ဟု မျှော်လင့်ကြောင်း ပြောဆိုကြသည်။

''ကျနော်တို့က မျှော်လင့်ချက်တော့ ထားရမှာပေါ့။ အကောင်းမြင်နေတာလည်း ဖြစ်ချင်ဖြစ်နိုင်တာပေါ့။ ဘာမှ မရှိတာထက်စာရင် ဆယ်စုနှစ်ပေါင်းများစွာအကြာမှာ အခုလို လူ့အခွင့်အရေး ယန္တရားတရပ် ပေါ်လာတာ ထူးခြားတဲ့ ခြေလှမ်းတလှမ်းပဲ'' ဟု မက်သီဆင်က ပြောသည်။

သို့သော် အဖွဲ့ဝင်နိုင်ငံများ၏ အစိုးရများ၊ လူထုအခြေပြု အဖွဲ့အစည်းများက ဤအဖွဲ့အလုပ်ဖြစ်ရန်နှင့် ထိရောက်၍ အကျိုး သက်ရောက်မှုရှိစေရန် ဝိုင်းဝန်း လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း သူက ပြောဆိုသည်။