ဗန်းမော်တွင် လက်နက်ကြီးများနှင့်အတူ တပ်အင်အား ဖြည့်တင်းနေ

ဗန်းမော်တွင် လက်နက်ကြီးများနှင့်အတူ တပ်အင်အား ဖြည့်တင်းနေ
by -
မျိုးကြီး
နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ငြင်းဆန်ခဲ့ပြီးနောက် ကချင်လွတ်မြောက်ရေးအဖွဲ့ အခြေစိုက်ရာ ကချင်ပြည်နယ်အတွင်း မြန်မာစစ်တပ်က လက်နက်ကြီးများဖြင့် စစ်အင်အား ဖြည့်တင်းလာ ...

 
ရွှေလီ (မဇ္စျိမ)။     ။ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ငြင်းဆန်ခဲ့ပြီးနောက် ကချင်လွတ်မြောက်ရေးအဖွဲ့ အခြေစိုက်ရာ ကချင်ပြည်နယ်အတွင်း မြန်မာစစ်တပ်က လက်နက်ကြီးများဖြင့် စစ်အင်အား ဖြည့်တင်းလာသည်။
 
ဧရာဝတီမြစ်အတွင်း မန္တလေး-ဗန်းမော် ပြေးဆွဲသည့် သင်္ဘောကြီးတစီးသည် အရာရှိနှင့် စစ်သည်အင်အား ၁၀၀ ကျော်အား လက်နက်ကြီးများနှင့်အတူ တင်ဆောင်ကာ ကချင်ပြည်နယ် ဗန်းမော်မြို့ မြို့မရပ်ကွက် ဆိပ်ကမ်းသို့ ယခုလ ၁၇ ရက်နေ့ ည ၉ နာရီခန့်တွင် ဆိုက်ရောက်လာခြင်း ဖြစ်သည်။
 
“သဘောင်္ပေါ်က တက်လာတာ ပစ္စည်းကိရိယာတွေ ပါလာတာ တွေ့ရတယ်လေ။ အမြောက်တွေ ပါလာတယ်လို့ ပြောတယ်။ အမြောက်တပ်က တက်လာတာလို့လည်း ပြောတယ်လေ။ ဘာအမြောက်တွေလည်း ဆိုတာတော့ မိုးကာတွေနဲ့ အုပ်ထားတော့ သေချာတော့ မတွေ့ရဘူးပေါ့” ဟု စစ်သားများနှင့် စကားပြောခဲ့ရသည့် ဒေသခံတဦးက မဇ္စျိမကို ပြောသည်။
 
စစ်သားများထဲတွင် ၂ ပွင့်၊ ၃ ပွင့် တပ်ဆင်ထားသည့် အရာရှိများသည်  သာမန်တပ်သားများထက် အရေအတွက် ပိုမိုများပြားကြောင်း နောက်ထပ် မျက်မြင်ဒေသခံ တဦးက ဆိုသည်။
 
“စစ်ဗိုလ်တွေ၊ စစ်သားတွေ ည ၉ နာရီလောက်ကမှ ရောက်လာတာ။ သွားကြည့်လိုက်တယ်။ ၁၀၀ လောက်ပဲ ရှိမယ်။ အရာရှိက ပိုများတယ်။ ဘာဖြစ်လို့လဲဆိုတော့ လာကြိုတဲ့အထဲမှာ အရာရှိတွေချည်းပဲ။ စစ်ကားတွေထဲမှာလည်း အရာရှိစီးတဲ့ ကားက တော်တော်များများ လာတယ်” ဟု သူက ပြောသည်။
 
လွန်ခဲ့သည့် တပတ်ကျော်ကလည်း ဗန်းမော်သို့ လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် စစ်ယာဉ်တန်းများ ရောက်ရှိလာခဲ့ကြောင်းနှင့် ယခင်က မြို့နယ်နိမိတ်တွင် စစ်တပ်လှုပ်ရှားမှု သိပ်မရှိလှသော်လည်း ယခုအခါ အသွားအလာများ ထူထပ်နေကြောင်း ဒေသခံများက ဆိုသည်။
 
ဤသည်မှာ ယခုလ ၈ ရက်နေ့က ကချင်ပြည်နယ်အတွင်းရှိ အပစ်အခတ်ရပ် ကချင် လွတ်မြောက်ရေးအဖွဲ့ - KIO ကိုယ်စားလှယ်များနှင့် မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းတို့ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
 
ဆွေးနွေးပွဲတွင် မြန်မာစစ်အစိုးရဘက်က အဆိုပြုထားသည့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအား KIO က ငြင်းဆန်ကာ ကချင်ဒေသ လုံခြံုရေးတပ်အဖြစ်သာ အသွင်ပြောင်းလိုကြောင်းနှင့် နောင်တက်မည့် အစိုးရအာဏာတွင် ပါဝင်ရန် လိုလားကြောင်း တုံ့ပြန်ခဲ့သည်။
 
ယခုလို ဗန်းမော်မြို့သို့ တပ်အင်အား တိုးချဲ့ချထားလာသည့် အရာရှိနှင့် စစ်သည်များသည် မည်သည့်တပ်ရင်း တပ်ဖွဲ့များမှ ဖြစ်သည်ကို ဒေသခံများအနေဖြင့် မသိကြသေးပါ။
 
ဗန်းမော်တွင် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် အမှတ် ၂၁ အခြေစိုက်ထားပြီး၊ သူ၏ လက်အောက်တွင် ခြေလျင်နှင့် ခြေမြန်တပ်ရင်း ၁ဝ ရင်းခန့် ရှိကာ ဗန်းမော်ခရိုင်အတွင်း ဖြန့်ကျက်ချထားသည်။
 
ကချင်ပြည်နယ်၏ ဒုတိယမြို့တော်ဖြစ်သည့် ဗန်းမော်သည် မြို့တော်မြစ်ကြီးနား၏ တောင်ဘက် ၁၁၅ မိုင် အကွာတွင် တည်ရှိကာ၊ တရုတ်နယ်စပ်နှင့် မိုင် ၄၀ ခန့် ကွာဝေးသည်။ KIO အခြေစိုက်ရာ လိုင်ဇာမြို့သည် ဗန်းမော်နှင့် မြစ်ကြီးနားအကြား တည်ရှိကာ ဗန်းမော်၏ အရှေ့မြောက်ဘက် မိုင် ၄၀ ခန့်တွင် တည်ရှိသည်။

Most read this week