ဗိုလ်ချုပ်အောင်ဆန်း ဂုဏ်ပြုစာအုပ် ထုတ်ဝေခွင့် ကြန့်ကြာနေ

ဗိုလ်ချုပ်အောင်ဆန်း ဂုဏ်ပြုစာအုပ် ထုတ်ဝေခွင့် ကြန့်ကြာနေ
by -
နန်းဒေဝီ
'စာရေးဆရာ ကိုအောင်ဆန်း' အမည်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စာအုပ်ကို ထုတ်ဝေနိုင်ရန် သက်ဆိုင်ရာ စိစစ်ရေးဌာနများသို့ လွန်ခဲ့သည့် ၅ လခန့်ကတည်းက တင်ပြခဲ့သော်လည်း ယနေ့တိုင် ထုတ်ဝေခွင့် မရသေးကြောင်း သိရ ...

 
နယူးဒေလီ (မဇ္စျိမ)။     ။ 'စာရေးဆရာ ကိုအောင်ဆန်း' အမည်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စာအုပ်ကို ထုတ်ဝေနိုင်ရန် သက်ဆိုင်ရာ စိစစ်ရေးဌာနများသို့ လွန်ခဲ့သည့် ၅ လခန့်ကတည်းက တင်ပြခဲ့သော်လည်း ယနေ့တိုင် ထုတ်ဝေခွင့် မရသေးကြောင်း သိရသည်။
 
အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စာရေးဆရာများ၏ စာမူများနှင့် ဗိုလ်ချုပ်၏ စာမူများဖြင့် ပြုစုထားသည့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စာအုပ်ကို နေပြည်တော်ရှိ ယဉ်ကျေးမှုဝန်ကြီးဌာနလက်အောက် သမိုင်းဌာနတွင် သောင်တင်နေဆဲဖြစ်ကြောင်း ရန်ကုန် စာပေအသိုင်းအဝိုင်းမှ စာနယ်ဇင်းသမားများ အဆိုအရ သိရခြင်း ဖြစ်သည်။
 
“အာဇာနည်နေ့မတိုင်ခင် ထုတ်ချင်ပေမယ့် အချိန်က တအားကပ်နေပြီ။ မဖြစ်တော့ဘူးနဲ့ တူပါတယ်။ နေပြည်တော် သမိုင်းဌာန မေးတော့လည်း အားလုံးအဆင်ပြေပါတယ် ပြောတယ်။ အခုထိတော့ မထွက်နိုင်သေးဘူး” ဟု အမည်မဖော်လိုသူ ဝါရင့်မဂ္ဂဇင်း အယ်ဒီတာတဦးက မဇ္စျိမကို ပြောသည်။
 
စာအုပ်ထုတ်ဝေရေး ခွင့်ပြုချက်ရရန် စာမူများကို ပြန်ကြားရေးဝန်ကြီးဌာန လက်အောက် စာပေစိစစ်ရေးဌာနသို့ တင်ပြရလေ့ရှိသော်လည်း ယခုစာအုပ်တွင် သမိုင်းရေးရာများ ပါဝင်နေသဖြင့် သမိုင်းဌာနသို့ပါ ပူးတွဲတင်ပြခဲ့ရပြီး စာပေစိစစ်ရေးက ဆင်ဆာများဖြင့် ပြန်ချပေးသော်လည်း သမိုင်းဌာနက တုန့်ပြန်မှု တစုံတရာ မပေးခဲ့ပါ။
 
လွန်ခဲ့သည့် ၈ လခန့်က မျက်နှာဖုံးတွင် ဗိုလ်ချုပ်အောင်ဆန်းပုံပါ ပိတောက်ပွင့်သစ် မဂ္ဂဇင်းကို စာပေစိစစ်ရေးက ခွင့်ပြုချက် ပိတ်ပင်ခဲ့ပြီးနောက်၊ မဂ္ဂဇင်းအတွင်း ပါရှိသည့် စာမူများနှင့် အခြား စာရေးဆရာများ ရေးသားသည့် စာမူများကို စုစည်းကာ ပြုစုသူ မောင်စိမ်းနီ အမည်ခံ၍ 'စာရေးဆရာ ကိုအောင်ဆန်း' နာမည်ဖြင့် ထုတ်ဝေခွင့် ရရှိရေး တင်ပြလာခဲ့ခြင်းလည်း ဖြစ်သည်။
 
“ဦးအောင်ဆန်း အတ္ထုပ္ပတ္တိ ဆိုတော့ သမိုင်းအကြောင်းအရာတွေနဲ့ ဆိုင်နေတယ်။ ဒါကြောင့် စာပေစိစစ်ရေးကို ကော်ပီတခု၊ သမိုင်းဌာနကို အချက်အလက်တွေစစ်ဆေးဖို့ဆိုပြီး ကော်ပီတခု ပေးရတယ်” ဟု ဝါရင့် မဂ္ဂဇင်း အယ်ဒီတာက ပြောသည်။
 
သူက “ပထမ မဂ္ဂဇင်းတင်ကတည်းက ဦးအောင်ဆန်းနဲ့ ပတ်သက်တဲ့ ဆောင်းပါး ၄ ပုဒ်လောက် အဖြုတ်ခံလိုက်ရပြီးပြီ။ အခု သမိုင်းဌာနက ဘာတွေ ထပ်ဖြုတ်မယ်ဆိုတာ မသိရသေးဘူး။ အားလုံးက စောင့်ကြည့်နေတုန်းပါ” ဟု ဆက်ပြောသည်။
 
'စာရေးဆရာ ကိုအောင်ဆန်း' စာအုပ်ထဲတွင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရေးသားခဲ့သည့် ဆောင်းပါးများ၊ လက်ရှိ စာပေလောကတွင် နာမည်ရ စာရေးဆရာများက ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးသားထားသည့် ကဗျာ၊ ဆောင်းပါးများ ပါဝင်နေသည့်အပြင်၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့် သမိုင်းအချက်အလက် စုဆောင်းချက်များလည်း ပါရှိသည်။
 
ပိတောက်ပွင့်သစ်သည် နာမည်ကြီး စာရေးဆရာများ၏ မျက်နှာဖုံးဓာတ်ပုံပါ မဂ္ဂဇင်းများကို လစဉ် ထုတ်ဝေခဲ့ရာမှ ယခုနှစ် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံမျက်နှာဖုံးဖြင့် ထုတ်ဝေရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
 
“စလုပ်ခဲ့ကတည်းက ဒီနေ့ထိဆိုရင် ၈ လလောက် ရှိပြီ။ ကျနော်တို့က ဘာပဲဖြစ်ဖြစ် ထုတ်ချင်တယ်။ အာဇာနည်နေ့ လွန်သွားလည်း ထုတ်ရရင် ကျေနပ်ပါပြီ” ဟု ပိတောက်ပွင့်သစ် မဂ္ဂဇင်းတိုက်က အယ်ဒီတာတဦးက ပြောသည်။
 
အလားတူပင် ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် ဂျာနယ်တချို့က ယခုလ ၁၉ ရက်နေ့တွင် ကျရောက်မည့် ၆၂ နှစ်မြောက် အာဇာနည်နေ့ အမှတ်တရ ဆောင်းပါး၊ အယ်ဒီတာ့အာဘော်၊ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း၊ အဆိုအမိန့်များ စသည်တို့ကို ထုတ်ဝေရန် ကြိုးစားခဲ့သော်လည်း စာပေစိစစ်ရေးက ပယ်ချခဲ့ကြောင်း သိရသည်။
 
“စာမျက်နှာ ၃ မျက်နှာ ဆောင်းပါးတခု၊ အယ်ဒီတာ့အာဘော် တခု၊ ပေါင်း ၂ ခုစလုံးကို စိစစ်ရေးက ဖြုတ်ချလိုက်တယ်” ဟု ဆင်ဆာဖြတ်ခံရသည့် အပတ်စဉ်ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်နှင့် နီးစပ်သူ စာနယ်ဇင်းသမားတဦးက မဇ္စျိမကို ပြောသည်။
 
ကိုလိုနီနယ်ချဲ့လက်အောက်မှ မြန်မာ့လွတ်လပ်ရေးကို အရယူပေးခဲ့သည့် လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းကို လူထုက မေ့ပျောက်သွားစေရန် မြန်မာစစ်အစိုးရ အာဏာပိုင်များက စာပေလောကတွင် နည်းလမ်းအမျိုးမျိုး ကျင့်သုံးခဲ့ကြောင်း စာပေအသိုင်းအဝိုင်းမှ ပြောဆိုမှုများ ရှိခဲ့သည်။
 
ထို့အပြင် ၁၉၇ဝ ခုနှစ်နောက်ပိုင်းမှ စတင်ကာ အစိုးရအဆက်ဆက်က ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံပါ ငွေစက္ကူ တချို့ကို ဖျက်သိမ်းခြင်း၊ အစိုးရရုံးများတွင် ချိတ်ဆွဲထားသည့် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံများကို လူမြင်ကွင်းမှ ဖြုတ်သိမ်းခြင်းတို့လည်း ပြုလုပ်ခဲ့သည်။
 
“ဗိုလ်ချုပ်ကို သူတို့ မမြင်ချင်ဘူး။ သူ့မိန့်ခွန်းတွေကို မကြားချင်ဘူး။ တဖက်မှာ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်သမီး ဖြစ်နေတာက သူတို့အတွက် အကြောင်းပြချက် ဖြစ်နေတယ်။ လူထုက ဗိုလ်ချုပ်ကို သတိရနေရင်၊ ဒေါ်စုကို မီးမောင်းထိုးပေးသလို ဖြစ်နေတယ်။ ဒါကြောင့် မှေးမိန်သွားအောင် လုပ်နေတာ” ဟု ရန်ကုန်အခြေစိုက် အမည်မဖော်လိုသူ ဂျာနယ်အယ်ဒီတာချုပ် တဦးက မဇ္စျိမကို ပြောဆိုသည်။

Most read this week