မြန်မာ အမျိုးသမီးအသင်း အာရှဖလား ခြေစစ်ပွဲအောင်

မြန်မာ အမျိုးသမီးအသင်း အာရှဖလား ခြေစစ်ပွဲအောင်
တိုက်စစ်မှူး မိုင်နီလာထွေး တဦးတည်းက ၃ ဂိုးသွင်းပေးပြီး တရုတ် (တိုင်ပေ) အသင်းကို ၅ ဂိုး ၂ ဂိုးဖြင့် အနိုင်ရလိုက်ခြင်းကြောင့် မြန်မာအမျိုးသမီး ဘောလုံးအသင်းသည် အာရှဖလား ခြေစစ်ပွဲ အောင်မြင်သွားပြီ ...

 
ချင်းမိုင်။     ။ တိုက်စစ်မှူး မိုင်နီလာထွေး တဦးတည်းက ၃ ဂိုးသွင်းပေးပြီး တရုတ် (တိုင်ပေ) အသင်းကို ၅ ဂိုး ၂ ဂိုးဖြင့် အနိုင်ရလိုက်ခြင်းကြောင့် မြန်မာအမျိုးသမီး ဘောလုံးအသင်းသည် အာရှဖလား ခြေစစ်ပွဲ အောင်မြင်သွားပြီ ဖြစ်သည်။
 
ယခုလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ တရုတ် (တိုင်ပေ) တွင် ကျင်းပခဲ့သည့် အာရှဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲအုပ်စု (က) တွင် အုပ်စုပထမအဖြစ် အနိုင်ကစားနိုင်သဖြင့် ၂၀၁၀ ခုနှစ် မေလအတွင်း တရုတ်နိုင်ငံတွင် ကျင်းပမည့် အာရှဘောလုံးအသင်း AFC ၏ နောက်ဆုံးအဆင့် အာရှဖလား အမျိုးသမီးပြိုင်ပွဲသို့ ဝင်ရောက်ခွင့် ရရှိခြင်း ဖြစ်သည်။
 
ခြေစစ်ပွဲများကို တရုတ် (တိုင်ပေ) Hsinying မြို့ Tinan County အားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြရာ အုပ်စု (က) တွင် အိမ်ရှင် တရုတ် (တိုင်ပေ) နှင့် ဂျော်ဒန် အသင်းတို့ကို အနိုင်ရရှိသဖြင့် မြန်မာအမျိုးသမီးအသင်းက နှစ်ပွဲပေါင်းရမှတ် ၆ မှတ်ဖြင့် အမှတ်ပြည့်ရယူနိုင်ခဲ့သည်။
 
ပထမပွဲစဉ်တွင် မြန်မာအသင်းက ဂျော်ဒန်အသင်းအား ၃ ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ဂိုးများကို ခင်မာလာထွန်း၊ သန်းသန်းထွေးနှင့် နောက်တန်းလူ မြင့်မြင့်အေးတို့က သွင်းယူပေးခဲ့ကြသည်။ ဒုတိယပွဲစဉ်တွင် အိမ်ရှင် တရုတ် (တိုင်ပေ) နှင့် ကစားရာ မိုင်နီလာထွေးက ၃ ဂိုး၊ အေးနန္ဒာလှိုင်နှင့် ခင်မာလာထွန်းက တဂိုးစီ သွင်းယူခဲ့ပြီး၊ တဖက်အသင်းက ချေပဂိုးအဖြစ် ၂ ဂိုးသာ ပြန်လည်သွင်းယူနိုင်ခဲ့သည်။
 
လာမည့်နှစ် နောက်ဆုံးအဆင့် ကစားပွဲတွင် ခြေစစ်ပွဲအောင် ထိုင်း၊ ဗီယက်နန်၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျား၊ လက်ရှိချန်ပီယံ မြောက်ကိုရီးယားနှင့်အတူ မြန်မာက ပါဝင်ယှဉ်ပြိုင်ရမည်။
 
မြန်မာအသင်းတွင် အဖွဲ့ခေါင်းဆောင် ဒေါ်မြတ်မြတ်ဦး၊ နည်းပြချုပ် ဦးအေးကြူကြီး၊ လက်ထောက်နည်းပြ ဦးအုန်းကြိုင်နှင့် ဦမျိုးချစ်၊ အတွင်းရေးမှူး ဒေါ်အေးအေးမော်၊ ဆရာဝန် ဒေါက်တာမွန်မွန်ခိုင်နှင့် သူနာပြု ဒေါ်နန်းကျိန်ဟွမ်တို့ လိုက်ပါခဲ့ကြသည်။
 
အားကစားသမားများအဖြစ် စန်းစန်းမော်၊ မေခင်ယမင်း၊ မြဖူးငုံ၊ သီတာဦး၊ စန်းစန်းသိန်း၊ မိုးမိုးဝါ၊ စုစုဝေ၊ နေဇာလင်းလင်းအောင်၊ သန်းသန်းထွေး၊ သီရိမြတ်၊ သူဇာထွေး၊ သန္တာမိုး၊ ခင်မိုးဝေ၊ အေးနန္ဒာလှိုင်၊ စန်းယုနိုင်၊ မြင့်မြင့်အေး၊ မိုင်နီလာထွေး၊ ရီရီဦး၊ ခင်မာလာထွန်းနှင့် မာဂရက်မေရီတို့ ပါဝင်ကြသည်။
 
အာရှဘောလုံးအဖွဲ့ချုပ် AFC က နောက်ဆုံးအဆင့်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန်အတွက် တရုတ်နိုင်ငံအား ရွေးချယ်ခဲ့ပြီး လာမည့်နှစ် မေလ ၁၉ ရက်မှ ၃ဝ ရက်နေ့အထိ ကျင်းပသွားရန် လျာထားကြောင်း သိရသည်။
 
မြန်မာအသင်းသည် အာရှဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲ နောက်ဆုံးအဆင့်ကို ယခုတကြိမ်နှင့်ဆိုလျှင် စုစုပေါင်း ၄ ကြိမ်မြောက် ကစားခွင့် ရရှိခြင်း ဖြစ်သည်။
 
ခြေစစ်ပွဲအောင် မြန်မာအသင်းသည် ယမန်နေ့က မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့ပြီ ဖြစ်သည်။