ချင်းမိုင် (မဇ္စျိမ)။ ။ မြန်မာနှင့် ထိုင်း နယ်စပ်မြို့များဖြစ်သည့် တာချီလိတ်-မယ်ဆိုင်၏ တာချီလိတ်ဘက်ခြမ်းတွင် ဂိတ်ဖွင့်၍ နှစ်ဘက် နယ်စပ်ဖြတ်ကျော် သွားလာသူများကို A (H1N1) တုပ်ကွေးရှိမရှိ စစ်ဆေးမှုများ ပြုလုပ်နေသော်လည်း လုံလောက်မှု မရှိသေးကြောင်း မြို့ခံများက ပြောသည်။
“အမှတ် (၁) ချစ်ကြည်ရေးတံတား ဝက်တုပ်ကွေး စောင့်ကြပ်ကြည့်ရှု စစ်ဆေးရေးစခန်း” ကို ဖွင့်လှစ်ထားပြီး ကျန်းမာရေးမှူး တဦး၊ သူနာပြုဆရာမ ၃ ဦးနှင့် ကျန်းမာရေးဝန်ထမ်း တဦးက အပူချိန်တိုင်း ကိရိယာ ၂ ခုနှင့်အတူ တာဝန်ယူ စစ်ဆေးနေသည့်အပေါ် ပြောဆိုကြခြင်း ဖြစ်သည်။
“မနက် ရ နာရီခွဲကနေ ညနေ ၅ နာရီခွဲအထိ နေ့စဉ်ပေါ့။ ဒီဂျစ်တယ် အပူချိန်တိုင်း ကိရိယာ ၂ ခုနဲ့ စစ်ဆေးမယ်။ စစ်ဆေးတယ် ဆိုတဲ့နေရာမှာ သူတို့က လူတိုင်းကို မစစ်ဆေးနိုင်ဘူးတဲ့။ ဘာလို့လည်းဆိုတော့ အဲဒီ အပူချိန်တိုင်း ကိရိယာက တယောက်ကို တိုင်းပြီးလို့ နားထဲကနေ ထုတ်လိုက်ပြီဆိုတာနဲ့ တမိနစ်လောက် စောင့်ရတယ်။ normal ကို ပြန်ရောက်ဖို့ပေါ့နော်။ ဆိုတော့ တယောက်ချင်း စစ်မယ်ဆိုရင် လူတွေ အများကြီး တန်းစီသွားမယ်ပေါ့။ အဲဒါကြောင့် မင်္သာကာတဲ့လူတွေကိုပဲ အဓိကထား စစ်တာပေါ့” ဟု စစ်ဆေးမှုအား စောင့်ကြည့်လေ့လာခဲ့သူ တာချီလိတ် မြို့ခံက ပြောသည်။
တာချီလိတ်ဘက်မှ မယ်ဆိုင်ဘက်သို့ တနေ့လျှင် ပျှမ်းမျှ ၂ဝဝဝ ဦးခန့် ဖြတ်သန်းသွားလာနေကြောင်း လူဝင်မှုကြီးကြပ်ရေး အဖွဲ့ဝင်များနှင့် နီးစပ်သူ အခြားမြို့ခံတဦးက ပြောသည်။
တာချီလိတ်မြို့ဆေးရုံမှ ဆရာဝန်ကြီးတဦးကမူ နိုင်ငံခြားသားများအပါအဝင် နှစ်နိုင်ငံနယ်စပ် ဖြတ်ကျော်နေသူ လူတိုင်းကို နေ့စဉ် စစ်ဆေးနေကြောင်းသာပြော၍ ဖုန်းချသွားသည်။
သို့သော် တာချီလိတ်မြို့ခံကမူ မော်တော်ယာဉ်များဖြင့် တာချီလိတ်မြို့သို့ လာရောက်လည်ပတ်သူများကို စစ်ဆေးခြင်း မတွေ့ရကြောင်း ပြောသည်။
“ထူးခြားတာက ယာဉ်တွေနဲ့ဝင်တဲ့လူတွေကို စစ်တာမတွေ့ဘူး။ တခါတလေ နိုင်ငံခြားသားတွေပါမယ်၊ ယိုးဒယားတွေပါမယ်။ နောက် ဘတ်စ်ကား ၂ ထပ်ကားကြီးတွေနဲ့ လူ ၄ဝ-၅ဝ အဲဒီလိုမျိုး ဝင်လာတဲ့အခါမျိုး။ သူတို့ကလည်း ပြောတယ်၊ ယာဉ်ပေါ်မှာ ပါတဲ့လူတွေကို စစ်မယ်ဆိုရင် ပိုပြီး အချိန်ကြန့်ကြာတာပေါ့ အကိုရာ။ အားနာတဲ့အပိုင်းတွေလည်း ပါတာပေါ့ဗျာ” ဟု သူက ပြောသည်။
A (H1N1) တုပ်ကွေး ဖြစ်ပွားသူ မြန်မာနိုင်ငံ၌ တွေ့ရှိပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ယခုလ ၁၄ ရက်နေ့က ဆန်ဆိုင်း ရပ်ကွက်အတွင်း၌လည်းကောင်း၊ ယမန်နေ့က ပုန်းထွန်ရပ်ကွက်၌လည်းကောင်း ကျန်းမာရေးမှူးနှင့် သူနာပြုဆရာမများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ ဦးစီး၍ ပညာပေးဟောပြောပွဲများ ပြုလုပ်ကြောင်း သိရသည်။
စာသင်ကျောင်းများတွင်မူ ပညာပေးဟောပြောပွဲများ ပြုလုပ်ခြင်း မရှိသေးဘဲ ရောဂါပိုးကာကွယ်ရေး မျက်နှာဖုံးစွပ်များကို အသုံးပြုမှုသည်လည်း နည်းပါးသေးသည်ဟု သိရသည်။
တာချီလိတ်မြို့မှ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ နေ့စဉ် သွားရောက်နေသူများသည် ချစ်ကြည်ရေးတံတားလမ်းကြောင်း တခုတည်း ကိုသာ သုံးခြင်းမဟုတ်ပဲ“ခိုးကူး” လမ်းများမှလည်း ဖြတ်သန်းသွားနေကြခြင်းဖြစ်သည်။ အဆိုပါ ခိုးကူးလမ်းများတွင်မူ တုပ်ကွေးရောဂါ ရှိမရှိ စစ်ဆေးမှုများ မရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် A (H1N1) တုပ်ကွေးရောဂါတွေ့ရှိသူ ၃ ဦးရှိသွားပြီဖြစ်ပြီး စင်္ကာပူမှ ပြန်လာသူ အမျိုးသမီးငယ် တဦးနှင့် ထိုင်းနိုင်ငံမှ ပြန်လာသူ အမျိုးသား နှစ်ဦးတို့ ဖြစ်သည်။
ယင်းတို့ ၃ ဦးမှ နှစ်ဦးမှာ အဖျားမရှိတော့ဘဲ နောက်ဆုံးတွေ့သည့် အသက် ၅၀ အရွယ် အမျိုးသားမှာမူ ဝေဘာဂီအထူးကု ဆေးရုံ သီးသန့်လူနာခန်း၌ ထားရှိ၍ ဆက်လက်ကုသနေဆဲဖြစ်ကြောင်း၊ ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။
“လူနာနှင့် ထိတွေ့မှုရှိခဲ့သော မိသားစုဝင် ၉ ဦး၊ လူနာ၏ ယာဉ်မောင်းမိသားစုတို့အား နေအိမ်တွင်ပင် စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း၊ လူနာနှင့်အတူ စီးနင်းလိုက်ပါလာသော လေယာဉ်စီခရီးသည် နိုင်ငံသား ၈၄ ဦး၊ နိုင်ငံခြားသား ၁၃၆ ဦးတို့ ကိုလည်း လိုက်ခံရှာဖွေ၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း”သတင်းစာက ဖော်ပြထားသည်။
ကမ္ဘာ့နိုင်ငံ ၁၀၀ ကျော်တွင် A (H1N1) တုပ်ကွေးရောဂါဖြစ်ပွားသူ ၉ သောင်းကျော်ရှိပြီး သေဆုံးသူ ၄၀၀ ကျော် သွားပြီဖြစ်သည်။ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ယင်းရောဂါကြောင့် သေဆုံးသူ ၂၅ ဦး ရှိသွားပြီဖြစ်သည်။
Published
Friday, July 17, 2009 - 00:36
နှစ်နိုင်ငံနယ်စပ် A (H1N1) စစ်ဆေးမှု လုံလောက်မှု မရှိသေး
မြန်မာနှင့် ထိုင်း နယ်စပ်မြို့များဖြစ်သည့် တာချီလိတ်-မယ်ဆိုင်၏ တာချီလိတ်ဘက်ခြမ်းတွင် ဂိတ်ဖွင့်၍ နှစ်ဘက် နယ်စပ်ဖြတ်ကျော် သွားလာသူများကို A (H1N1) တုပ်ကွေးရှိမရှိ စစ်ဆေးမှုများ ပြုလုပ်နေသော်လည်း လုံလောက်မှု မရှိသေး ...